Skip to main content

အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်ဝါဒ အလျင်အမြန်ကျဆုံးရမည်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် MNDAA လက်နက်ကိုင်သောင်းကျန်း သူအဖွဲ့နှင့် TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ပြီး မူလက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ရုပ်သိမ်းပေးထားခဲ့သည့် AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ပြန်လည်ကြေညာလိုက်ပြီဖြစ်သည်။ တိုင်းရင်းသားအမည်ခံ အဆိုပါလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုမြောက်သည့်လုပ်ရပ်များကို ကျူးလွန်နေကြသည့် အဖွဲ့များဖြစ်ကြပြီး အပြစ်မဲ့ပြည်သူ တစ်ဦးချင်းအပေါ်တွင်လည်းကောင်း၊ အများပြည်သူတို့အပေါ်တွင် လည်းကောင်း၊ နိုင်ငံတော်ကိုလည်းကောင်း အကြမ်းဖက်မှုများ ကျူးလွန်နေကြခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် ပြည်တွင်း၌ ဖြစ်ပေါ်လာသည့် အရေးပေါ်အခြေအနေများကို အခွင့်ကောင်းယူကာ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် NUG လက်ဝေခံ PDF အကြမ်းဖက်များကိုပါ အသုံးချ၍ ၁၀၂၇ စစ်ဆင်ရေးအမည်ခံတိုက်ခိုက်မှုများကို MNDAA ၊ TNLA ၊ AA အဖွဲ့တို့က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ပြုလုပ်ခဲ့ကြသည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်နှင့် တရုတ်-မြန်မာ နယ်နိမိတ်အနီးတစ်လျှောက်ရှိ မြို့များကို တိုက်ခိုက်ခဲ့ကြရာတွင် ၎င်းအဖွဲ့များမှာ စစ်ရာဇဝတ်မှုများစွာနှင့် အကြမ်းဖက်မှုများစွာတို့ကို ကျူးလွန်ခဲ့ကြသည်။ အဓမ္မစုဆောင်းထားသူများ ပါဝင်နေသည့် ၎င်းတို့၏တပ်ဖွဲ့ဝင်များကို တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာစေရန် လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးစော်ကားမှု နည်းလမ်းများအသုံးပြု၍ လှုံ့ဆော်ခဲ့ကြသည်။ ၎င်းအဖွဲ့များ၏ တိုင်းရင်းသားရေးနှင့် နိုင်ငံရေးတို့မှာ အကြောင်းပြချက်မျှသာဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်၍ နယ်ပယ်ချဲ့ထွင်ကာ ကိုယ်ထင်ရာ ကိုယ်စိုင်းလိုသော စစ်ဘုရင်ဝါဒကို အကောင်အထည်ဖော်ခြင်းကသာ အဓိကဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ ကိုးကန့်နှင့်ပလောင်တို့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ရရှိထားကြပြီး ရခိုင်မှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းစဉ်ကပင် ပြည်နယ်ရထားခြင်းဖြစ်သည်။ လူမျိုးအကြီးအငယ်၊ ပြည်နယ်အကြီးအငယ်ဟူ၍ မရှိ။ နိုင်ငံသားအားလုံး တန်းတူအခွင့်အရေးဖြစ်သကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးလည်း တန်းတူသာ။ နိုင်ငံသားအားလုံး နိုင်ငံတစ်ဝန်း မည်သည့်ဒေသတွင်မဆို ဥပဒေနှင့်အညီ နေထိုင်သွားလာခွင့်၊ ပရိယေသန ဝမ်းစာရှာဖွေခွင့်တို့ ရှိကြသည်သာ။ သို့ဖြစ်သည့်အလျောက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် ရခိုင်၊ ကိုးကန့်၊ ပလောင်အပါအဝင် တိုင်းရင်းသားအားလုံး စီးပွားရှာဖွေခြင်း၊ ပညာသင်ကြားခြင်း၊ အခြေစိုက်နေထိုင်ခြင်းတို့ ရှိနေခြင်းဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်းလုံးတွင် ပြည်ထောင်စုသားအားလုံးတို့ တန်းတူရည်တူ စည်းလုံးညီညွတ်တင့်တယ်စွာ နေထိုင်ကြခြင်းလည်းဖြစ်သည်။

နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများရပ်စိုင်းပြီး နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းခြင်းသည် နိုင်ငံနှင့်ပြည်သူအတွက် နာကျင်မှုအနည်းဆုံးဖြစ်သလို ပြည်သူများ၏ အလိုလားဆုံးဆန္ဒလည်းဖြစ်သည်။ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် ငြိမ်းချမ်းရေး အတွက် လမ်းဖွင့်ပေးထားဆဲဖြစ်သလို ပါတီစုံဒီမိုကရေစီစနစ်နှင့်အညီ လွှတ်တော်ပြန်လည် ပေါ်ပေါက်လာရေးအတွက်လည်း အားထုတ်ကြိုးပမ်းဆောင်ရွက်နေသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍လည်း နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ပြင်သင့်ပြင်ထိုက်သည်တို့ကိုပြင်ဆင်ရန် လိုအပ်သည်ဟူသည့်အချက်ကို တပ်မတော်က လက်ခံထားသည်။

သို့ရာတွင် နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေတို့အရ အယူဝါဒအမျိုးမျိုး၊ အကျိုးစီးပွားအမျိုးမျိုး၊ အမှောင့်ပယောဂအမျိုးမျိုးတို့ဖြင့် ခေါင်းထောင်ထနေသည့် အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုတို့ကို တိုင်းရင်းသားပြည်သူလူထု ပေါင်းစည်းပါဝင်မှုအင်အားဖြင့် အမြန်ဆုံးတွန်းလှန်တိုက်ဖျက်ချေမှုန်းကြရမည်ဖြစ်သည်။ နိုင်ငံနှင့်လူမျိုးတို့ ပျက်စီးရာပျက်စီးကြောင်း ကျူးလွန်နေကြသည့် အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်ဝါဒ အလျင်အမြန်ကျဆုံးရမည်ဖြစ်ပါကြောင်း။ ။