Skip to main content

ကုန်ထုတ်လုပ်မှုကဏ္ဍမြင့်မားရေး MSME များ ဖွံ့ဖြိုးရန်အားပေး

နိုင်ငံအင်အားတောင့်တင်းခိုင်မာရေးတွင် စီးပွားရေးမှာ အခြေခံအကျဆုံးဖြစ်သည်။ စီးပွားရေးကောင်းမွန်မှ၊ စီးပွားရေးအင်အားတောင့်တင်းခိုင်မာမှ နိုင်ငံရေးအင်အားနှင့် ကာကွယ်ရေးအင်အားတို့လည်း ကောင်းမွန်နိုင်မည်ဖြစ်သည်။ ထို့အပြင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားသုံးရပ်မှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီသဟဲပြုနေခြင်းဖြစ်သည့်အလျောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အဆိုပါအင်အားသုံးရပ်တို့ကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လည်း လိုသည်။

နိုင်ငံတော်အစိုးရသည် နိုင်ငံ၏လူမှုစီးပွားရေးအဆောက်အအုံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ပြည်တွင်းအင်အားကို အခြေပြုပြီး ပြည်တွင်း၌ရှိနေသည့် အရင်းအမြစ်များကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချလုပ်ကိုင်ဆောင်ရွက်ရန်၊ သွင်းကုန်များ လျှော့ချပြီး ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရန်အတွက် ထုတ်လုပ်မှုကဏ္ဍ မြင့်မားရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ငန်းများတိုးတက်စေရန် မူဝါဒများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်က မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် အပြည့်အဝအကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ အားနည်းချက်ဖြစ်ပေါ်မှုအချို့တို့လည်းရှိခဲ့ရာ ယင်းအားနည်းချက်များကို ဖော်ထုတ်၍ အောင်မြင်အောင် ဆောင်ရွက်သွားကြရမည်လည်းဖြစ်သည်။

နိုင်ငံ၏စီးပွားရေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများသည် အဓိကမောင်းနှင်အားဖြစ်သည့်အလျောက် MSME လုပ်ငန်းများ ထူထောင်လုပ်ကိုင်မှုကို အားပေးရန်လိုအပ်သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ခြင်းနှင့် တစ်ဆက်တစ်စပ်တည်းပင်ဖြစ်ရာ MSME ကို မဖြစ်မနေ အားပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးစေရမည်ဖြစ်သည်။ ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပခဲ့သည့် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၄) အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ “တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အဆင့်မီကုန်ချောများ ထုတ်လုပ်နိုင်သည့် (MSME) လုပ်ငန်းများ များစွာရှိသော်လည်း အားပေးဆောင်ရွက်မှု အားနည်းသည်ကို တွေ့ရကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရန်လိုသကဲ့သို့ အခြားထုတ်ကုန်များကိုလည်း အဆင့်မီစွာ ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်သွားရန်လိုကြောင်း၊” ထည့်သွင်းပြောကြားခဲ့ပြီး “နိုင်ငံသားများထဲမှ ငွေကြေးရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်သူများအား ကုန်ထုတ်လုပ်မှု၌ ရင်းနှီးမြှုပ်နှံရေး ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း” လည်း တိုက်တွန်းပြောကြား ခဲ့သည်။

မိမိတို့နိုင်ငံ၏ စီးပွားရေးကောင်းမွန်တိုးတက်လာရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုမြင့်မားရေးတို့အတွက် အဘက်ဘက်မှ ကြိုးပမ်းအားထုတ်ကြရန်လိုသည်။ ထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးဆောင်ရွက်ရာတွင် လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းပေးရန်လိုသကဲ့သို့ အဟန့်အတားသဖွယ် ဖြစ်နေသည်တို့ကိုလည်း ပြုပြင်ဖယ်ရှားရန်လိုသည်။ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျနေသည့် မိမိတို့နိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍမှာ မိမိတို့ ယခုထက်များစွာ ပိုမိုအားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်နေသေးသည့် သာဓကပင်ဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသားအားလုံးအတွက်ပင်ဖြစ်သည့်အလျောက် တာဝန်ရှိသူအားလုံး၊ ပြည်သူအားလုံး တက်ညီလက်ညီ ဆောင်ရွက်ကြရပါမည့်အကြောင်း။