နေပြည်တော် ဇွန် ၁၈
တပ်မတော်အနေဖြင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး - တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါကလေး - တမူး ဆက်သွယ်ရေးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးနယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ကလေးမြို့ဘက်မှ ချီတက်လာသော စစ်ကြောင်းသည် ဇွန် ၁၅ ရက်တွင် ရန်မျိုးအောင် ကျေးရွာအားလည်းကောင်း၊ ဇွန် ၁၆ ရက်တွင် စော်ဘွားရေရှင်ကျေးရွာအားလည်းကောင်း၊ ဇွန် ၁၇ ရက်တွင် ကျွန်းတောရေရှင်ကျေးရွာအားလည်းကောင်း အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ထပ်မံထိန်းချုပ်နိုင်ခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများ အမြန်ဆုံးပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်း စသည့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ကလေး - တမူး ဆက်သွယ်ရေးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်ကာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ အမြန်ဆုံးဖော်ဆောင်ပေးနိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
