Skip to main content

အသုံးချခံများမဖြစ်စေရေး သတိပြုရန်လို

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းတစ်ရာကျော် စုစည်းနေထိုင်သော နိုင်ငံဖြစ်သည်။ ရှေးနှစ်ပေါင်းထောင်ချီကာလကတည်းက အတူတကွလက်တွဲပူးပေါင်းကာ အေးချမ်းစွာနေထိုင်ခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးအချင်းချင်း မပြေလည်မှုအခိုက်အတန့်သာရှိခဲ့ပြီး တိုင်းတစ်ပါးမှ ကျူးကျော်မှုများကို အတူတကွလက်တွဲ ပူးပေါင်းတွန်းလှန်ခဲ့ကြသည်။ သို့သော် လွတ်လပ်ရေးရပြီးကာလတွင် တိုင်းရင်းသားလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြီး လက်နက်ကိုင်သောင်းကျန်းမှုများပေါ်ပေါက်လာခဲ့သည်။

တပ်မတော်သည် လွတ်လပ်ရေးရပြီး သမိုင်းကြောင်းတစ်လျှောက် ယနေ့ထိတိုင်အောင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါး ဦးထိပ်ပန်ဆင်ကာ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်လျက်ရှိသည်။ ငြိမ်းချမ်းရေးကို မပစ်ပယ်ဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာလျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေကို အကြောင်းပြု၍ ပြည်တွင်း၌ မတည်မငြိမ်ဖြစ်ပေါ်မှုများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO အချို့က အခွင့်အရေးအဖြစ်အသုံးချခဲ့ကြသည်။ နိုင်ငံရေးအမြတ်ထုတ်လိုသည့် NUG အကြမ်းဖက်အဖွဲ့၏ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ပြည်သူလူထုအကြောက်တရားကြီးမားအောင်၊ မြို့ရွာများတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် အကြမ်းဖက်လုပ်ရပ်များလုပ်ကိုင်ခဲ့ကြသည်။

သောင်းကျန်းသူအကြမ်းဖက်သမားများသည် နယ်စွန်နယ်ဖျား တောတောင်လျှိုမြောင်များတွင် အခြေချခိုအောင်းလှုပ်ရှားကြရာမှ မျက်မှောက်ကာလ၌ နိုင်ငံတွင် ဖြစ်ပေါ်နေသည့်အခြေအနေများကို အခွင့်ကောင်းယူ၍ နယ်မြေချဲ့ထွင်မှုများပြုလုပ်လာကြသည်။ တပ်စခန်းများကို အလစ်အငိုက်တိုက်ခိုက်ရာမှတစ်ဆင့်တက်၍ မြို့ရွာများကို တိုက်ခိုက်လာကြသည်။ EAO အဖွဲ့အချို့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့ပူးပေါင်းပြီး မြို့ရွာများကို တိုက်ခိုက်ဖျက်ဆီးလာကြသည်။ ထိုအခါ ဒေသခံပြည်သူလူထုမှာ ဘေးလွတ်ရာဒေသသို့ တိမ်းရှောင်ကြရသည့် ဒုက္ခသည်ဘဝများကဲ့သို့ဖြစ်ကြရသူများရှိသလို သောင်းကျန်းသူများကို မရှောင်လွှဲနိုင်ဘဲ နေထိုင်နေကြရသူများလည်းရှိသည်။ အကြောက်တရားဖြင့် နေထိုင်နေကြသူများလည်းရှိသည်။

သောင်းကျန်းသူများက နယ်မြေချဲ့ထွင်မှုများ ပြုလုပ်ရာတွင် ပြည်သူလူထုအေးချမ်းစွာနေထိုင်လျက်ရှိသော မြို့ရွာများကို အသုံးချလာကြသည်။ ပြည်သူလူထုနှင့်အတူ ရောနှောနေထိုင်ပြီး တိုက်ခိုက်သည့်လုပ်ရပ်ဖြစ်၍ လူသားဒိုင်းအဖြစ် အသုံးချခြင်းပင်ဖြစ်သည်။ တပ်မတော်သည် သောင်းကျန်းသူများ ဝင်ရောက်နေထိုင်သည့် မြို့ရွာများကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရာ၌ ဒေသခံပြည်သူလူထုရှိနေသဖြင့် အခက်အခဲများစွာရှိသည်။

ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် ၎င်းဒေသတွင်နေထိုင်ကြသူများက လုပ်ဆောင်ကြခြင်းဖြစ်သည်။ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်မှု နောက်ကျစေရန်နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လုပ်ဆောင်မှုတွင်လည်း ဒေသခံများပင်ဖြစ်သည်။ ထို့ကြောင့် ဒေသတစ်ခုအတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် ဒေသခံများ၏လုံခြုံရေးကို ဖျက်ဆီးနေသည့် ဒေသအတွင်းနေထိုင်သော လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ လျော့ပါးစေရေးအတွက် ပြည်သူများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ သက်ဆိုးရှည်စေမည့်ကိစ္စများကို ရှောင်ရှားကြရမည်။ အကြမ်းဖက်သမားကို အားမပေးမိဖို့သတိပြုရမည်ဖြစ်သည်။

အကြမ်းဖက်သောင်းကျန်းသူများသည် မြို့ရွာများအတွင်းရှိ ပြည်သူလူထုတို့၏ နေအိမ်များတွင် ဝင်ရောက်နေထိုင်၍ အကာအကွယ်ယူတိုက်ခိုက်နေကြခြင်းဖြစ်သည်။ ၎င်းတို့ခေတ္တသိမ်းပိုက်ထားသည့် မြို့ရွာဒေသများတွင် ပြည်သူလူထုကို အကာအကွယ်ယူ၍ တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဒေသခံပြည်သူများအနေဖြင့် သတိတရားအသိတရားဖြင့် ရှောင်ရှားကြမည်ဆိုပါက သောင်းကျန်းသူအမြစ်ပြတ်ချေမှုန်းရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

သောင်းကျန်းသူများသည် ပြည်သူတို့၏ နေအိမ်အဆောက်အအုံများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုတို့ကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာသွားသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ်ပြီး အဆိုပါလက်နက် ကိုင်သောင်းကျန်းသူများ၏ သတင်းရရှိမှုအခြေအနေပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်၍ ၎င်းတို့အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် သတိပြုကြရန်လိုအပ်ပါကြောင်း။      ။