အနန္တစကြဝဠာကြီးတွင် ဤမြေကမ္ဘာသည်သာ သက်ရှိသတ္တဝါတို့ ရှင်သန်နေထိုင်နိုင်ရန် သဘာဝပတ်ဝန်းကျင်တို့ ဖွဲ့စည်းဖြစ်ပေါ်နေသည့် တစ်ခုတည်းသောနေရာဖြစ်သည်။ ဘောလုံးသဖွယ် လုံးဝန်းနေသည့် ကမ္ဘာကိုမြေပြင်အထက် မိုင်ပေါင်း ၃၀၀ ခန့်အထိ တည်ရှိနေသော လေထုကြီးက ဖုံးအုပ်ဝန်းရံထားသည့် ကမ္ဘာ့လေထုအတွင်း အဓိကဓာတ်ငွေ့နှစ်မျိုးဖြစ်သော နိုက်ထရိုဂျင်က ၇၈ ရာခိုင်နှုန်းနှင့် အောက်ဆီဂျင်က ၂၁ ရာခိုင်နှုန်း ပါဝင်နေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ ဟီလီယမ်၊ နီယွန်၊ အာဂွန် အစရှိသော ဓာတ်ငွေ့များပါဝင်မှုစုစုပေါင်းမှာ ၁ ရာခိုင်နှုန်းခန့်သာရှိသည်။ ထို့အပြင် ရေခိုးရေငွေ့နှင့် အမှုန်အမွှားများလည်း လေထုအတွင်းပါဝင်နေသည်။
လူတို့၏ကျန်းမာရေးနှင့်စပ်လျဉ်း၍ အစားအစာသန့်ရှင်းရေး၊ ရေသန့်ရှင်းရေး၊ လက်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကို အလေးပေးဆောင်ရွက်လျက်ရှိသော်လည်း လွန်စွာအရေးကြီးလှသည့် လေသန့်ရှင်းရေးအတွက် မေ့လျော့လေ့ရှိကြသည်။ သုတေသနပြုလေ့လာမှုများအရ လူ ၁၀၀ လျှင် ၉၉ ယောက်ခန့် ညစ်ညမ်းသောလေကိုရှူနေကြရပြီး ကမ္ဘာတစ်ခွင် နှစ်စဉ်လူခုနစ်သန်းခန့် လေထုညစ်ညမ်းမှုကိုအကြောင်းပြု၍ သေဆုံးနေကြရသည်ဟုဆိုသည်။ လူများအသက်ရှူနေကြသည့် လေထုထဲတွင်အမှုန်အမွှားပါရှိမှုသည် လေတစ်ကုဗမီတာတွင် ၁၂၀ အောက် ပမာဏသာပါရှိရမည်ဖြစ်ပြီး ထို့ထက်ပိုပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည်။
လေထုညစ်ညမ်းမှုဖြစ်ပေါ်ရခြင်းအကြောင်းရင်းမှာ အဓိကအားဖြင့် နှစ်ရပ်သာဖြစ်သည်။ ပထမတစ်ရပ်မှာ သဘာဝဖြစ်စဉ်များကြောင့် လေထုညစ်ညမ်းခြင်းဖြစ်ပြီး ဒုတိယတစ်ရပ်မှာ လူသားတို့ကြောင့်ဖြစ်သည်။ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ သဲမုန်တိုင်းများတိုက်ခတ်ခြင်း၊ စက်ရုံအလုပ်ရုံများမှ အခိုးအငွေ့နှင့်ဓာတ်ငွေ့များထုတ်လွှတ်ခြင်း၊ ယာဉ်ယန္တရားများ မောင်းနှင်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် တောင်ယာမီးရှို့ခြင်း၊ တောမီးရှို့ခြင်း၊ အမှိုက်မီးရှို့ခြင်း စသည်တို့ကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသည်။ ကမ္ဘာကိုဝန်းရံဖုံးလွှမ်းထားသည့် လေထုကြီးသည် မိုးလေဝသနှင့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်စေသည့်နေရာဖြစ်သကဲ့သို့ လူနှင့်တကွ သက်ရှိသတ္တဝါများ ရှင်သန်နိုင်ရန်အတွက်လည်း မရှိမဖြစ်သည့်အရာဖြစ်ရာ ကမ္ဘာ့လေထုသန့်ရှင်းမှုအတွက် ဂရုပြုကြရန်လိုသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် လေထုအရည်အသွေး ကောင်းမွန်စေရေးနှင့် လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းမှုများ တိုးတက်စေရန်ရည်ရွယ်၍ နှစ်စဉ်စက်တင်ဘာလ ၇ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies) အဖြစ် ၂၀၁၉ ခုနှစ်တွင်ကျင်းပသည့် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ သတ်မှတ်ခဲ့သည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့၏ ဆောင်ပုဒ်မှာ “သန့်ရှင်းသောလေရရှိဖို့ ရင်းနှီးမြှုပ်နှံမှုစတင်စို့” “Invest in # Clean Air Now” ဟူ၍ဖြစ်ပြီး လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရာတွင် နိုင်ငံများအချင်းချင်း ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ရေး၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရေးနှင့် တာဝန်ခွဲဝေဆောင်ရွက်ရေးတို့ကို ချက်ချင်းအကောင်အထည်ဖော်ရန် ရည်ရွယ်ရင်းပင်ဖြစ်သည်။
လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ အဆုတ်ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းရောဂါတို့ကြောင့် နှစ်စဉ် ကမ္ဘာ့လူဦးရေ ၈ ဒသမ ၁ သန်းတို့ အရွယ်မတိုင်မီ သေဆုံးနေကြရာ လေထုညစ်ညမ်းခြင်းက ဒုတိယအကြောင်းရင်းဖြစ်သည့်အပြင် အသက်ငါးနှစ်အောက်ကလေး ခုနစ်သိန်းကျော် နှစ်စဉ်သေဆုံးရခြင်းတွင်လည်း လေထုညစ်ညမ်းခြင်းက ဆက်စပ်နေသည်။ လေထုညစ်ညမ်းမှုတိုက်ဖျက်ခြင်း၊ လေထုအရည်အသွေးကောင်းမွန်ရေး ဆောင်ရွက်ရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ခြင်း၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြုလုပ်ခြင်း၊ နိုင်ငံအတွင်း လေထုညစ်ညမ်းမှုမဖြစ်ပေါ်စေရန် ပိုမို၍တာဝန်ယူဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာ့လူသားထု တာဝန်ကျေပွန်ကြရပါမည့်အကြောင်း။ ။