Skip to main content

နိုင်ငံရေးနည်းလမ်းဖြင့် ပူးပေါင်းပါဝင်ဖြေရှင်း

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အားလုံးပူးပေါင်းပါဝင်ဖြေရှင်းနိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်သည့် ကြေညာချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူအားလုံးမျှော်လင့်နေသည့် တစ်တိုင်းပြည်လုံး ငြိမ်းချမ်းသာယာဝပြောရေးအတွက် အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေသည် ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်ဖြစ်ပွားခဲ့သော မဲမသမာမှု များကြောင့်ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံရေးအခြေအနေဖြစ်သည်။ နိုင်ငံရေးပြဿနာကို အေးချမ်းစွာပြီးဆုံးစေရန်အတွက် နိုင်ငံရေးနည်းလမ်းမျိုးစုံဖြင့် ညှိနှိုင်းဖြေရှင်းရန် ကြိုးပမ်းခဲ့မှုကိုလျစ်လျူရှုပြီး နိုင်ငံတော်အာဏာကို မမှန်ကန်သောနည်းလမ်းဖြင့် ရယူရန်ကြိုးပမ်းခဲ့မှုကြောင့် တပ်မတော်သည် နိုင်ငံတော်၏အာဏာအရပ်ရပ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွှဲပြောင်းရယူ ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။

တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို စစ်ဘက်၊ အရပ်ဘက် မျှတစွာဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်ကိုချမှတ်ကာ နိုင်ငံတော်၏အကျိုးစီးပွားကို အလေးထားဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ နောက်ဆုံးအချက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည်။ အန္တိမရည်မှန်းချက်သည် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးအပ်နိုင်ရေး မမှိတ်မသုန် ဦးတည်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဦးတည်ဆောင်ရွက်နေသော်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့် လက်နက်စွဲကိုင်အကြမ်းဖက်တိုက်ခိုက်သည့်နည်းလမ်းကို ရွေးချယ်အသုံးပြုကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏လူသားအရင်းအမြစ်များ၊ နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးပျက်စီးမှုများစွာ ဖြစ်ခဲ့ရသည့်အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအဟန့်အတား အနှောင့်အယှက်ဖြစ်ခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်သည်။

လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို အချိန်ကြာမြင့်စွာ ဆောင်ရွက်လာသည့်အတွက် နှစ်ဖက်ဆုံးရှုံး ထိခိုက်မှုများစွာဖြစ်ခဲ့ကြရသလို အပြစ်မဲ့တိုင်းရင်းသားပြည်သူ အမြောက်အမြား အသက်သေဆုံးဒဏ်ရာရရှိမှုများရှိခဲ့သည့်အပြင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ကြရသည့် ပြည်သူများလည်း အမြောက်အမြားရှိနေသည်။ မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းသောဒေသများ၌ နေထိုင်ကြသည့် ပြည်သူများမှာ အခြေအနေမပျက် အေးချမ်းစွာနေထိုင်ကြရသော်လည်း လက်နက်ကိုင်ပဋိပက္ခများကြားတွင်နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများမှာ ဆင်းရဲဒုက္ခအမြောက်အမြားကြုံတွေ့နေရသည်ကို ကိုယ်ချင်းစာနာကြရမည်ဖြစ်သည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်မဖြေရှင်းဘဲ လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် မည်သည့်အခါမျှ အောင်မြင်မှုမရနိုင် သည်ကို မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များနှင့် နိုင်ငံတကာတွင်ဖြစ်ပေါ်နေသော၊ ဖြစ်ပျက်နေသော အဖြစ်အပျက်များက သက်သေပြလျက်ရှိသည်။ လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းများ ကြာရှည်လာသရွေ့ ထိခိုက်ဆုံးရှုံးပျက်စီးမှုများသာ များနေမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပျက်စီးဆုံးရှုံးမှုများကို အကြိမ်ကြိမ်ပြန်လည်ထူထောင်နေရသဖြင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျပြီး နိုင်ငံတကာအလယ်တွင် မျက်နှာငယ်ကာ တိုင်းပြည်အောက်ကျနောက်ကျဖြစ်ရသည်။

ယနေ့အချိန်အခါတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများမှန်ကန်မှုကို အထောက်အကူဖြစ်စေမည့် သန်းခေါင်စာရင်းကောက်ယူခြင်းကို လာမည့်အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်တော့မည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်လည်းဖြစ်သည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် တိုင်းရင်းသားလူမျိုးအားလုံးပါဝင်ပြီး နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ မိမိတို့လူမျိုး၊ မိမိတို့ဒေသအကျိုးကို ပါဝင်ဆောင်ရွက်နိုင်သည့်လုပ်ငန်းစဉ်ဖြစ်သည်။

သို့ဖြစ်ရာ လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန်အလို့ငှာ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းဖြင့်လည်းကောင်း နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်အပ်ပါကြောင်း။     ။