Skip to main content

အခြေခံမူများကို လေးစားလိုက်နာ အာဆီယံနိုင်ငံများနှင့်လက်တွဲ

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ကြမည့် အာဆီယံရေတပ် အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့သည်။

ဂါရဝပြုတွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကိုလိုလားကြောင်း၊ ဆက်လက်၍ အာဆီယံအဖွဲ့အတွင်း အာဆီယံစိတ်ဓာတ်အပြည့်ဖြင့် အာဆီယံပဋိညာဉ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ခိုင်မြဲအောင် တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်လာကြသည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း” ပြောကြားခဲ့သည်။

ယခုအခါ (၄၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို လာအိုနိုင်ငံဗီယင်ကျန်းမြို့၌ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ၏အရေးကိစ္စများကို ဆွေးနွေးလျက်ရှိသည်။ ယခုနှစ်တွင် အာဆီယံအစည်းအဝေးများကို အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံတွင်သာမက အာဆီယံနိုင်ငံများတွင်လည်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခုပြုလုပ်သည့် အာဆီယံရေတပ်ဦးစီးချုပ် အစည်းအဝေးအပြင် အခြားအစည်းအဝေးများလည်း ပြုလုပ်သွားမည်ဟု သိရသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာသည့် ၁၉၉၇ ခုနှစ်မှစတင်၍ ယနေ့ထက်တိုင် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ်သစ္စာရှိရှိ၊ တာဝန်သိသိရပ်တည် လုပ်ကိုင်လျက်ရှိသည်။

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၏အခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့တို့ကထားရှိသည့် သဘောထားများကို တွေ့မြင်ကြားသိကြရမည် ဖြစ်သည်။ နိုင်ငံတကာအစည်းအဝေးများတွင် အင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက် ဖိအားပေးမှုများနှင့်အတူ မြန်မာနိုင်ငံအပေါ်ဖိအားပေး ဆက်ဆံလုပ်ကိုင်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့ပင်ဆက်ဆံပြုမူ လုပ်ကိုင်နေသည်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် အာဆီယံမိသားစုစိတ်ဓာတ်ဖြင့် ချစ်ခင်ရင်းနှီးစွာ အတူပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နှင့်အညီ လိုက်နာ ကျင့်သုံးလုပ်ကိုင်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးချက်ကို ဦးဆောင်ချမှတ်ခဲ့သည့် နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံ၏ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ပါအတိုင်း နိုင်ငံအချင်းချင်း အချုပ်အခြာအာဏာကိုလေးစားရေး၊ အပြန်အလှန်မကျူးကျော်ရေး၊ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှုမပြုရေး၊ အကျိုးတူကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြဿနာများကို ငြိမ်းချမ်းစွာစေ့စပ်ညှိနှိုင်းဖြေရှင်းရေးဟူသော မူကြီးငါးချက်ကို အစဉ်အလေး ထား လိုက်နာဆောင်ရွက်လျက်ရှိသည်။ အာဆီယံ၏အခြေခံမူများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာခြင်းဟူသည့် အချက်များချမှတ်ထားသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမရှိခြင်း၊ ပြင်ပမှဝင်ရောက်စွက်ဖက်မှု၊ ဖျက်လိုဖျက်ဆီးပြုမှုနှင့် ဖိအားပေးမှုများကင်းရှင်းစွာဖြင့် အမျိုးသားရေးတည်ရှိမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတိုင်း၏ အခွင့်အရေးများကို လေးစားလိုက်နာရမည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ကိစ္စများတွင် နောက်ကွယ်မှ အင်အားကြီးအုပ်စုအချို့၏ နိုင်ငံရေးအရ ဖိအားပေးမှုများကို မလွန်ဆန်နိုင်သည့် အဖွဲ့ဝင်နိုင်ငံအချို့က မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးနှင့်ပတ်သက်၍ လိုသလိုဖိအားပေးပြီး အစည်းအဝေးတက်ရောက်ခြင်းကိစ္စများနှင့် ဆက်စပ်ဖိအားပေးလုပ်ကိုင်မှုများမှာ အာဆီယံပဋိညာဉ်စာတမ်းမှ နိဒါန်းစာပိုဒ်တွင်ပါဝင်သည့် “တစ်ခုတည်းသောအမြင်၊ တစ်ခု တည်းသောအသွင်လက္ခဏာ၊ တစ်ခုတည်းသော ကောင်းတူဆိုးဖက် “အသိုက်အဝန်း” ဟူသည့် သဘောထားရည်မှန်းချက်နှင့် စည်းလုံးညီညွတ်မှု၊ တူညီသောဆန္ဒနှင့် စုပေါင်းစိတ်ဆုံးဖြတ်မှုတို့ဖြင့် ပေါင်းစည်းကြမှု” ဟူသည့် ကောင်းမြတ်သော ရည်မှန်းချက်ကို သွေဖည်ရာရောက်နေသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း စည်းလုံးညီညွတ်သောစိတ်ထားကို မျက်ကွယ်မပြုဘဲ ပေါ်ပေါက်လာသောကိစ္စများနှင့်ပတ်သက်၍ အာဆီယံပဋိညာဉ်စာတမ်းအရ အငြင်းပွားမှုကို တွေ့ဆုံဆွေးနွေးခြင်း၊ တိုင်ပင်ညှိနှိုင်းခြင်း၊ စေ့စပ်ဆွေးနွေးခြင်းနည်းတို့ဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရန် မြန်မာနိုင်ငံဘက်မှ အာဆီယံနိုင်ငံများနှင့်အတူ လက်တွဲဆောင်ရွက်ရန် အစဉ်အမြဲအသင့်ရှိနေပါကြောင်း။           ။