Skip to main content

အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့

မကြာသေးမီက မိမိတို့နိုင်ငံတွင် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော ပုံစံဖြင့် သဘာဝဘေးအန္တရာယ်ကြီးတစ်ခု ကျရောက်ခဲ့ရာ ယခုအချိန်အထိ ကူညီကယ်ဆယ်မှု၊ ပေးအပ်လှူဒါန်းမှု၊ ပြန်လည်ထူထောင်မှုတို့ ပြုလုပ်နေရဆဲဖြစ်သည်။ ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် ရှမ်းကုန်းပြင်မြင့်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်ပါဝင်သည့် မြို့နယ်ပေါင်း ၅၄ မြို့နယ်တွင် ရုတ်တရက် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ယခင်က မတွေ့ကြုံခဲ့ရဖူးသည့် ဖြစ်စဉ်မျိုးကို ကြုံတွေ့လာရခြင်းဖြစ်သည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲ မှုတွင် မိုးလေဝသဖြစ်စဉ်များ ပိုမိုပြင်းထန်ကြမ်းတမ်းလာခြင်း၊ အကြိမ်ရေပိုမိုများပြားလာခြင်း၊ ယခင်က မဖြစ်ပေါ်ဖူးသည့် ပုံစံမျိုးဖြစ်ပေါ်လာနိုင်ခြင်းတို့အတွက် ကြိုတင်ပြင်ဆင်ထားရန် သင်ခန်းစာရရှိလိုက်ခြင်းလည်း ဖြစ်သည်။

ကမ္ဘာ့ဒေသအနှံ့အပြားတို့တွင် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ကြီးမားကျယ်ပြန့်သည့် သဘာဝဘေးအန္တရာယ်များ မကြုံစဖူးပိုမိုမြင့်မားစွာဖြစ်ပေါ်လာပြီး ဘေးအန္တရာယ်ကြောင့် လူသေဆုံးမှုနှင့်ထိခိုက်ခံစားရမှုတို့လည်း ပိုမိုများပြားလာသည်။ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ရသည့် ထိခိုက်ဆုံးရှုံးမှုတို့ ကမ္ဘာတစ်ဝန်းလျှော့ချနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် အလေးထားလာကြစေရန်အတွက် ကုလသမဂ္ဂက နှစ်စဉ်အောက်တိုဘာ ၁၃ ရက် ကို “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အဖြစ် သတ်မှတ်ထားရာ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့- Empowering the next generation for a resilient future” ဖြစ်သည်။ ယခုနှစ်၏ ဆောင်ပုဒ်ကကမ္ဘာ တစ်ဝန်းကြီးထွားလာနေသည့် သဘာဝဘေးအန္တရာယ်များအတွင်းမှ ကလေးများနှင့် လူငယ်များ၏ ထိခိုက်ခံစားရမှုတို့ အပေါ်တွင် အာရုံစူးစိုက်မှုပြုလာကြစေရန် ရည်ညွှန်းသည်။

ကမ္ဘာတစ်ဝန်းဖြစ်ပေါ်ခဲ့သည့် အစွန်းရောက်ရာသီဥတု ဖြစ်စဉ်များကြောင့် ၂၀၂၂ ခုနှစ်နောက်ပိုင်း စာသင်ကျောင်းများ ပိတ်ခဲ့ရသည့်အတွက် ကျောင်းသားကျောင်းသူ သန်း ၄၀၀ ခန့် ပညာသင်ကြားမှုထိခိုက်ခဲ့ရာ ကျောင်းများကို သဘာဝဘေးအန္တရာယ်များမှကာကွယ်နိုင်ရန် လိုအပ်လာပြီဖြစ်သည်။ မိမိတို့နိုင်ငံတွင်ဖြစ်ခဲ့သည့် ရေကြီးရေလျှံမှု ဘေးအန္တရာယ်တွင်လည်း စာသင်ကျောင်းအများအပြား ရေလွှမ်းမိုးခံခဲ့ရပြီး ရွှံ့နွံများဖုံးလွှမ်းခံခဲ့ရသည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာတစ်ခွင် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များကြောင့် စာသင်ကျောင်းပေါင်း ၈၀၀၀၀ ကျော်ပျက်စီးခဲ့ရပြီး ကလေးသူငယ် သန်းပေါင်း ၁၀၀၀ ကျော်တို့၏ ဘဝဖြစ်တည်မှုအပေါ် အနှောင့်အယှက်ဖြစ်စေခဲ့သည်။ သို့ဖြစ်ရာ ကျောင်းများသည် ကလေးများနှင့် ပညာရေးဝန်ထမ်းများကို ဘေးအန္တရာယ်များအားလုံးမှ ကာကွယ်ပေးနိုင်သည့် လုံခြုံမှုရှိသော သင်ကြားရေးနေရာများဖြစ်ရန်လိုသည်။

ကျောင်းများသည် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအလေ့အကျင့်များ ပျိုးထောင်မြှင့်တင်ရာတွင် အရေးပါသောကဏ္ဍမှပါဝင်နေပြီး ကလေးများနှင့်လူငယ်များအတွက် ကြိုတင် သတိပေးစနစ်များလည်းရှိနေသင့်သည်။ အဆိုပါစနစ်က မိသားစုများနှင့် လူမှုအသိုက်အဝန်းများကိုပါ ဘေးအန္တရာယ်မှကာကွယ်နိုင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ရာသီဥတုဆိုင်ရာ ဘေးဒုက္ခများသည် ဝင်ငွေနည်းသောနိုင်ငံများ၏ ပညာရေးကဏ္ဍကို ထိခိုက်စေရာတွင် နှစ်စဉ်ပျမ်းမျှ ကျောင်းတက်ရက်ဆုံးရှုံးမှုချင်း နှိုင်းယှဉ်ပါက ချမ်းသာသောနိုင်ငံများက နှစ်ရက်ခွဲမျှဆုံးရှုံးပြီး ဝင်ငွေနည်းနိုင်ငံများက ၁၈ ရက်အထိ ဆုံးရှုံးနေသည်ကိုတွေ့ရသည်။ သို့ဖြစ်ရာ ကလေးတစ်ဦးအတွက် ၁၈ ဒသမ ၅၁ ဒေါ်လာတစ်ကြိမ် ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို လျော့ပါးနိုင်စေမည် ဖြစ်သည်။

မိမိတို့နိုင်ငံသည် ရေမြေသဘာဝအနေအထားအရ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်နိုင်ခြေမြင့်မားသည့်နိုင်ငံဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များသည် မျှော်လင့်မထားသည့်ပုံစံ၊ မျှော်လင့်မထားသည့် အခြေအနေများဖြင့် ကျရောက်လာမည်ဖြစ်သကဲ့သို့ ပိုမိုကြီးမားကျယ်ပြန့်၊ ပိုမို၍လည်း ပြင်းထန်လာမည်ဖြစ်ရာ ချိန်ခါမရွေးကြံ့ကြံ့ခံနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်သည်။ အနာဂတ်တွင်ရင်ဆိုင်ကြရမည့် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံကျော်လွှားနိုင်ရေးအတွက် မျိုးဆက်သစ်ကလေးများနှင့် လူငယ်များ၏စွမ်းအားကို အလေးထားမြှင့်တင်ပေးရပါမည့်အကြောင်း။ ။