Skip to main content

အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင် မြန်မာ့ယဉ်ကျေးမှုငွေရတုသဘင်

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နေပြည်တော်တွင် ခမ်းနားထည်ဝါစွာဖြင့် သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား စတင်ကျင်းပနေပြီဖြစ်သည်။ အောက်တိုဘာလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိကျင်းပမည့် ပြိုင်ပွဲအသီးသီးတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးသော ဝါသနာရှင်များ၊ မျိုးဆက်သစ်များ၊ ကြီးကြပ်သူများ၊ ပညာရှင်ကြီးများ စုစုပေါင်းအင်အား ၂၅၀၀ ကျော်ဖြင့် ပါဝင်ယှဉ်ပြိုင်နေကြပြီဖြစ်သည်။

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မဟာဂီတ၊ ကာလပေါ်၊ အမျိုးဂုဏ်မြှင့်တင်ရေး တေးသီချင်းများဖြင့်လည်းကောင်း၊ တိုင်းရင်းသားတို့၏ ရိုးရာတူရိယာ တိုင်းရင်းသား ရိုးရာ/ကျေးလက်ရိုးရာအကများ၊ ကဗျာလွတ်ချင်းတိုင်းရင်းသားရိုးရာအက၊ ရုပ်သေးကြိုးဆွဲအကများဖြင့်လည်းကောင်း၊ စန္ဒရား၊ ဂီတာ၊ ဒုံမင်း၊ မယ်ဒလင်၊ ဒိုးပတ်၊ အိုးစည်၊ တယော၊ စောင်း၊ နှဲ၊ ပလွေ၊ ပတ္တလား စသည့်အတီးအမှုတ်များဖြင့်လည်းကောင်း၊ ရုပ်စုံသဘင်၊ ဆိုင်း၊ ဆိုင်းဝိုင်းကြီးပြိုင်ပွဲများဖြင့်လည်းကောင်း၊ အရေးပြိုင်ပွဲများဖြင့်လည်းကောင်း တစ်ဦးချင်း၊ အဖွဲ့လိုက် ယှဉ်ပြိုင်နေကြပြီဖြစ်သည်။

ဝါလကင်းလွတ် သီတင်းကျွတ်သည့် ယခုအချိန်အခါသမယသည် ရေခံမြေခံကောင်းမွန်သည့် မြန်မာနိုင်ငံ၌ မိုးလေကင်းလွတ်ပြီး ခြေခင်းလက်ခင်းအလွန်သာယာ တင့်တယ်သည့်ကာလဖြစ်သည့်အတွက် မြတ်နိုးဖွယ်ရာကောင်းမွန်ပြီး အစဉ်အလာကြီးမားသော မြန်မာတို့၏အနုပညာရသများကို ထုတ်ဖော်ပြသကြရမည့် အချိန်အခါကောင်းဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဤအချိန်ကာလရောက်တိုင်း မြန်မာတို့၏ အနုသုခုမပညာရပ်များကို ထုတ်ဖော်လှစ်ဟယှဉ်ပြိုင်ကြသည်ဖြစ်ရာ မြန်မာတို့၏ ဘိုးဘေးဘီဘင်များ ထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်းအမွေပေးဝေခဲ့သည့် မြန်မာ့ယဉ်ကျေးမှုအနုသုခုမပညာရပ်များ တင့်တယ်ဝေဆာပေါ်ထွန်းလာသည်ကို မြင်တွေ့သိရှိခံစားနိုင်ကြပြီဖြစ်သည်။

ကိုယ့်နိုင်ငံကိုချစ်ပါ၊ ကိုယ့်လူမျိုးကိုတန်ဖိုးထားပါ၊ ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးပါဟူသည့် စကားများကို အစဉ်အမြဲတိုက်တွန်းကြရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုကို လှစ်ဟဖော်ထုတ်ပြသကြသည့် အဆို၊ အက၊ အရေး၊ အတီး အနုသုခုမပညာရပ်များသည် ထိရောက်သည့် အကျိုးသက်ရောက်မှုများ ဖြစ်စေပါသည်။ ခံစားမှုရသများ စုံလင်စွာပါဝင်သည့် အနုသုခုမပညာရပ်များကို ထုတ်ဖော်ပြသခြင်း၊ ကြည့်ရှုခံစားအားပေးခြင်းဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်များ မြင့်မားတိုးတက်လာစေပါသည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အသက်ဝိညာဉ်သည် ထိုနိုင်ငံ၊ ထိုလူမျိုးတို့၏ ယဉ်ကျေးမှုဝိသေသလက္ခဏာများဖြစ်၍ ယဉ်ကျေးမှုသည် နိုင်ငံ၏ကြေးမုံပြင်သဖွယ် ထွန်းလင်းတောက်ပ ထင်ဟပ်ပေါ်လွင်စေမည်ဖြစ်သည်။

နိုင်ငံတိုင်း၊ နိုင်ငံတိုင်းသည် မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုများကို မြတ်နိုးတန်ဖိုးထားကြသလို အစဉ်အဆက် ထွန်းလင်းတောက်ပခဲ့သည့် ကိုယ်ပိုင်ယဉ်ကျေးမှုများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသော အနုသုခုမပညာရှင်များ၊ ဝါသနာရှင်များ၊ မျိုးဆက်သစ်များနှင့် ဖော်ထုတ်ပေးခဲ့ကြသည့် နိုင်ငံအစိုးရခေါင်းဆောင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးအထူးတင်ကြရမည်ဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ဤသို့စဉ်ဆက်မပြတ် ဖော်ထုတ်မြှင့်တင်ပေးခဲ့ကြသဖြင့် အစဉ်အလာကြီးမားခဲ့သည့် မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်များ စဉ်ဆက်မပြတ် တောက်ပြောင်နေမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များကြားတွင် ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေးစသည့် ဦးတည်ချက် (၄) ရပ်ဖြင့် ကျင်းပနေခြင်းဖြစ်သည်။

သို့ဖြစ်ရာ ရှေးအစဉ်အလာမပျက် ထူးခြားလေးနက်သည့် မြန်မာတို့၏ ယဉ်ကျေးမှု အနုသုခုမပညာရပ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင် ဖော်ထုတ်ပေးသည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှတစ်ဆင့် မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်များ မြင့်မားတိုးတက်တောက်ပြောင်လာအောင် ဝိုင်းဝန်းအားပေး မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။