Skip to main content

ထာဝရငြိမ်းချမ်းရေးကိုရှေးရှု ကတိကဝတ်များအလေးထား

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ခဲ့သည်မှာ (၉) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အဖွဲ့နှစ်ဖွဲ့ ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား နှစ်ပေါင်းရှည်ကြာဖြစ်ပွားနေသည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် ကနဦးအခွင့်အလမ်း သို့မဟုတ် အကောင်းဆုံးအခွင့်အလမ်းဖြစ်သည်။

NCA စာချုပ်ကို တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်နားလည်မှုအပြည့်ဖြင့် လိုက်လျောမှုများတည်ဆောက်ပြီး ဆောင်ရွက်ခဲ့ရသည်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တွေ့ဆုံမှုများစွာ၊ ညှိနှိုင်းဆွေးနွေးမှု များစွာတို့ကို အခြေတည်၍ နှစ်ဖက်သဘောတူညီမှုရရှိသည်အထိ အကျေအလည်ဆွေးနွေးရာမှ ဖြစ်ပေါ်လာခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်စာချုပ်ဖြစ်သည်။ NCA စာချုပ်စတင်ချုပ်ဆိုစဉ်ကတည်းက “ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ သဘောတူစာချုပ်ပါအချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်သွားရန်” အပြန်အလှန်သန္နိဋ္ဌာန်ပြုခဲ့ကြသည်။

NCA စာချုပ် ချုပ်ဆိုပြီးသည့် (၉) နှစ်မြောက်ကာလတွင် အပြန်အလှန်သန္နိဋ္ဌာန် ပြုခဲ့ကြသည့်အတိုင်း အကောင်အထည်ဖော်နိုင်ခြင်းရှိ/မရှိ ပြန်လည်ဆန်းစစ်ကြည့်ရမည်ဖြစ်သည်။ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းကြမည်ဆိုသည့် ရည်မှန်းချက်များဖြင့် ဖြစ်ပေါ်လာခဲ့သော NCA ကို အနှောင့်အယှက်များကြားတွင် မည်သို့လျှောက်လှမ်းခဲ့ကြသည်၊ မည်မျှအကောင်အထည်ဖော်နိုင်ခဲ့သည်၊ မည်မျှခိုင်မာမှုရှိသည်တို့မှာ ဆန်းစစ်စရာပင်လိုမည်မထင်ဘဲ အားလုံးသိရှိသဘောပေါက်ကြမည်ဖြစ်သည်။ NCA ကို လက်မှတ်ရေးထိုးရသည့် ရည်ရွယ်ချက်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအရေးနှင့် ဒီမိုကရေစီအရေးအတွက်ပင်ဖြစ်သည်။

တပ်မတော်အနေဖြင့် NCA စာချုပ်ဖြစ်ပေါ်လာပြီး သုံးနှစ်အကြာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်လိုလားသည့် စိတ်ဆန္ဒဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာပြီး လိုက်လျော ဆောင်ရွက်ပေးခဲ့သည်ကို အားလုံးသိရှိကြမည်ဖြစ်သည်။ တပ်မတော်သည် NCA စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မူဝါဒများ ချမှတ်ဆောင်ရွက်ခဲ့သည်။ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားမှုများ၊ လိုက်ပါဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သည့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန်အတွက် ဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြဖို့ ဖိတ်ခေါ်လျက်ရှိသည်။

ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိစေရန်အတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသည်။ ဆောင်ရွက်မှုများမှတစ်ဆင့် ရရှိလာသည့် သဘောထားမှတ်ချက်များကို Union Accord အဖြစ် မှတ်တမ်းတင်ထားရှိသည်။ NCA မှတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပပျောက်သွားမှသာ မျှော်မှန်းထားသည့်ပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်သည်။ အားလုံးအတူတကွ “မြန်မာ”ဆိုသည့်စိတ်ဖြင့် ရှေ့ဆက်ကြဖို့လိုသည်။ ထိုသို့မဟုတ်ဘဲ လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံပြီး မြန်မာနိုင်ငံသားအချင်းချင်း သွေးမြေကျအောင် ကြံစည်ဆောင်ရွက်နေသည့် ပြည်ပနိုင်ငံအချို့၏ သွေးထိုးမြှောက်ပင့်ပေးမှုအပေါ် ယုံကြည်ပြီး အဖျက်လုပ်ရပ်များကို ဆက်လက်လုပ်ကိုင်နေမည်ဆိုလျှင် အနာဂတ်နိုင်ငံတော်ခရီးသည် အလှမ်းဝေးနေမည်ဖြစ်သည်။

NCA စာချုပ်ချုပ်ဆိုခြင်း (၉) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားခဲ့သည့် “လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့အားလုံး “မြန်မာ” ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ရှေ့ကို ချီတက်ကြတဲ့နေရာမှာ NCA ကို လေးစားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့သည့်အတိုင်း ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသည့်စိတ်ဖြင့် ချမှတ်ထားသော ကတိကဝတ်များကို လိုက်နာစောင့်ထိန်းသွားကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။