အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ရည်ရွယ်ချက် (၄) ရပ်ဖြင့် ကျင်းပသည့် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကြီး ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။
နိုင်ငံတော်၏ ပံ့ပိုးကူညီမှုနှင့်အတူ ငွေအား၊ လူအား၊ အချိန်အားများစွာ စိုက်ထုတ်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို အစဉ်ရှင်သန်တည်တံ့ထွန်းကားနေစေရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကြီး၏ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၃ ရက်နေ့(ယနေ့)တွင် နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပြီဖြစ်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်ကို ချစ်မြတ်နိုးကြသော အနုသုခုမဝါရင့်ပညာရှင်ကြီးများ၊ ရွက်ပုန်းသီးအနုပညာရှင်များ၊ မျိုးဆက်သစ်အနုပညာရှင်များ၊ ဝါသနာရှင်များ၊ ပြည်သူများ၏ တစ်ခဲနက်ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့မှုများကြောင့် ပြိုင်ပွဲကြီးကို အောင်အောင်မြင်မြင် ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ကျင်းပနိုင်ခဲ့သည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် နှစ်ပေါင်းထောင်ချီ ခမ်းနားထည်ဝါစွာ ဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေးစရိုက်လက္ခဏာများ တင့်တင့်တယ်တယ် ဆက်လက်ဖွံ့ဖြိုးရှင်သန်နေစေရန်၊ မြန်မာလူမျိုးတို့၏ သမိုင်းကြောင်း ခိုင်မာနက်ရှိုင်းမှုနှင့် ယဉ်ကျေးမှုအဆင့်အတန်း ဝင့်ထည်ခမ်းနားမြင့်မားမှုကို ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေစေရန်နှင့် မျိုးဆက်သစ်လူငယ်များကြားတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားမြတ်နိုးလိုသည့်စိတ်နှင့် အမျိုးသားရေးစိတ်ဓာတ်နှင့် ကိုယ်ခံစွမ်းအားများ ပြည့်ဝခိုင်မာနေစေရန် ဤမြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှ မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့သလို ရှေ့ဆက်၍လည်း ဤအနုပညာစွမ်းပကားများဖြင့် ဆက်လက်စွမ်းဆောင်ပေးကြဦးမည်ဟု ယုံကြည် ပါသည်။
မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ထုံးတမ်းစဉ်လာများ မြင့်မားသောနိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာသာသနာကို အကြောင်းပြု၍ စာပေ၊ ယဉ်ကျေးမှု၊ အနုသုခုမပညာရပ်များ ရှင်သန်ဖြစ်ထွန်းခဲ့သည်။ ရှေးအစဉ်အဆက်ကတည်းက မျက်မှောက်ကာလထိတိုင် အဆိုပါစာပေ၊ ယဉ်ကျေးမှုတို့၏ အငွေ့အသက်များဖြင့် ယဉ်ကျေးမှုအစဉ်အလာ မြင့်မားခိုင်ကျည်သည့်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ မြန်မာတို့၏ စာပေ၊ ယဉ်ကျေးမှုဂုဏ်ဒြပ်နှင့် အကျိုးကျေးဇူးကြီးမားပုံကို နားလည်သဘောပေါက်ကြသော နိုင်ငံ့ခေါင်းဆောင်များနှင့် ပြည်သူများက ယနေ့ထက်တိုင် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပေးလျက်ရှိသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ခဲ့ကြရာတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် မြန်မာ့ယဉ်ကျေးမှုကို တပေါင်းတစည်းတည်း ထုတ်ဖော်ပြသနိုင်သည့် စွမ်းပကားအကြီးမားဆုံး အမျိုးသားရေးလှုပ်ရှားမှုကြီးတစ်ခုဟု ဆိုနိုင်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ ၁၉၉၈ ခုနှစ်တွင် ရုပ်စုံသဘင်ပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့သည်။ ထို့နောက် အကြောင်းကြောင်းကြောင့် ပြိုင်ပွဲကြီး ရပ်တန့်ပြတ်တောက်သွားခဲ့သဖြင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးနှင့်အတူ ရုပ်စုံသဘင်ရုပ်သေးအနုပညာများ တိမ်မြုပ်ပျောက်ကွယ်သွားသလို ဖြစ်ခဲ့ရသည်။ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှစတင်၍ အနှစ်သာရပြည့်ဝစုံလင်လှသည့် ရုပ်စုံသဘင်ပြိုင်ပွဲများကို ပြန်လည်ကျင်းပပေးနိုင်ခဲ့သည်။
သို့ဖြစ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာအမွေအနှစ်များကို အစဉ်ထာဝရတည်တံ့ရှင်သန်နေစေရန်အတွက် နိုင်ငံတော်နှင့်အတူ အားလုံးပူးပေါင်း ပါဝင်ပြီး အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ ဆောင်ရွက်ခဲ့ကြသဖြင့် (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ်တိုင်အောင် ထိန်းသိမ်းမြှင့်တင် ပြန်လည်ဖော်ထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်များ အစဉ်ထာဝရမညှိုးနွမ်းမပျောက်ပျက်စေရန်အတွက်၊ မြန်မာလူမျိုးတို့၏ သမိုင်းကြောင်း နက်ရှိုင်းခိုင်မာမှုနှင့် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားခိုင်ကျည်ထည်ဝါမှုတို့ကို ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေစေရန်အတွက် မြန်မာကိုချစ်သည့် မြန်မာနိုင်ငံသားတိုင်းက ဆက်လက်ထိန်းသိမ်းမြှင့်တင်အားပေးနေကြရမည်ဖြစ်ပါကြောင်း။ ။