Skip to main content

နိုင်ငံ့စီးပွား အားကောင်းလာရေး အင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ ကမ္ဘာတစ်ဝန်း၌ စီးပွားရေးထိခိုက်ရပ်တန့်မှုများနှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေးသည်လည်း ကျဆင်းသွားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ နိုင်ငံ့တာဝန်ယူသည့်အချိန်တွင် ကျဆင်းနေသောစီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး နိုင်ငံ၏အဓိကကုန်ထုတ်လုပ်ငန်းများဖြစ်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့သည်။

စီးပွားရေးတွင် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက တိုးတက်မှုများ အားနည်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန် နိုင်ငံတော်အကြီးအကဲက စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ထိုက်သင့်သလောက် တိုးတက်မှုများရရှိခဲ့သည်။ သို့သော် ပြည်တွင်း/ပြည်ပအနှောင့်အယှက်များ၊ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းများ၊ သဘာဝဘေးအန္တရာယ်များကြောင့် အဟန့်အတားများ ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် “သီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ဒေသအလိုက်စံပြစိုက်ခင်းများ စိုက်ပျိုး၍ စံနမူနာပြဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ သီးထပ်စွမ်းအားများ တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ပန်းတိုင်ရည်မှန်း ချက်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ၎င်းနှင့်ဆက်စပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများပါ တိုးတက်လာပြီး နိုင်ငံ၏ GDP တိုးတက်မှုနှုန်းမြင့်မားလာမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးအား တိုးတက်လာစေ ရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင် အင်ပြည့်အားပြည့် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၄)တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများနှင့် အခြေခံကောင်းများ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ ရေကိုအကျိုးရှိစွာ အသုံးချနိုင်ရမည်၊ မြေကိုစနစ်တကျပြုပြင်ဆောင်ရွက်နိုင်ရမည်၊ အခြေခံကောင်းများမရှိဘဲ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နေကြသည့် ပြည်ပနိုင်ငံများ၏ နည်းစနစ်များကို လေ့လာအတုယူ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်ပပို့ကုန်များ တိုးမြှင့်နိုင်ရေးအတွက် အသီးအနှံများ အရည်အသွေးကောင်းမွန်အောင် သုတေသနပြုလုပ်ပြီး ထုတ်လုပ်ကြသော နည်းစနစ်များကိုလည်း လေ့လာအတုယူ ဆောင်ရွက်ကြရ မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို ကောင်းစွာအသုံးချနိုင်ခြင်းသည် ဂုဏ်ယူဖွယ်ကောင်းသည့် နိုင်ငံ၏အား စွမ်းပကားပင်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပြီး ထုတ်ကုန်များနှင့် ပို့ကုန်များ မြှင့်တင်တိုးတက်အောင် ဆောင်ရွက်ကာ ကမ္ဘာပေါ်တွင် စားရေရိက္ခာကောင်းစွာထုတ်လုပ်နိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဂုဏ်ယူနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများကို ဒေသန္တရမွေးမြူခြင်းထက်လှောင်၍ စနစ်တကျ မွေးမြူဆောင်ရွက်သွားမည်ဆိုပါက အကျိုးများစွာဖြစ်ထွန်းမည် ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူပြုမည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအခြေခံသင်တန်း ကျောင်းများကို ခရိုင်အလိုက် ဖွင့်လှစ်သင်ကြားပေးပြီး မွေးထုတ်ပေးလျက်ရှိသည်။

နိုင်ငံအတွင်းရှိပြီးဖြစ်သည့် သစ်၊ ဝါး၊ ကြိမ်နှင့် အခြားသစ်တောထွက်ပစ္စည်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း ပို့ကုန်ပစ္စည်းများအထိ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများနှင့် နည်းပညာများ ဖန်တီးပေးနိုင်ရမည်ဖြစ်သည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများကိုသာ အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ နိုင်ငံအတွင်းရှိအခြားသော ပြည့်ဖြိုးမြဲ အခြေခံသယံဇာတများမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းများကိုလည်း အားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းများကို မြှင့်တင်ဖော်ဆောင် ပေးနိုင်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာအထောက်အကူပြု မည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့ပြီး အားကောင်းလာစေရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအတိုင်း ရှိပြီးအခြေခံကောင်းများကို ထိရောက်စွာအသုံးချ၍ ကဏ္ဍအလိုက်၊ ရည်မှန်းချက်တစ်ခုချင်းအလိုက် စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားအောင်မြင်လာအောင် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။