Skip to main content

မြန်မာ့ဂုဏ်ရည်များ စိမ့်ဝင်ပျံ့နှံ့ အမျိုးသားရေးစိတ်ဓာတ်ခိုင်ကျည်မြဲမြံ

“နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု (National Culture)၊ အမျိုးသားရေးစိတ်ဓာတ် (National Spirit) နှင့် တန်ဖိုးထားမှုစနစ် (Value System) များသည် ဒေသတစ်ခု၏ အချုပ်အနှောင်မဲ့တိုးတက်မှု (Independent Development) အတွက် အလွန်အရေးပါသည့် အခြေခံအကြောင်းတရားများပင်ဖြစ်ကြောင်း” (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများရှိကြသည်။ အဆိုပါ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုကိုအခြေခံပြီး နိုင်ငံသားများတွင် အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားယဉ်ကျေးမှုအပေါ် တန်ဖိုးထားသည့်စနစ်များ ဖြစ်ပေါ်လာသည်။ အဆိုပါအကြောင်းရပ်များသည် စဉ်ဆက်မပြတ် ပြောင်းလဲဖြစ်ပေါ်နေသော အချုပ်အနှောင်မဲ့ တိုးတက်ဖြစ်ပေါ်နေသည့် လူ့ဘောင်အသိုက်အဝန်းတွင် အလွန်အရေးကြီးသည့် အခြေခံအကြောင်းတရားများဖြစ်နေသည်ကို သတိမူကြရမည်ဖြစ်သည်။ အချုပ်အနှောင်မဲ့ တိုးတက်ဖြစ်ပေါ်နေမှုများသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားယဉ်ကျေးမှုစံနှုန်းများအပေါ် အကျိုးသက်ရောက်ရိုက်ခတ်မှုများရှိသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများသည် နှစ်ပေါင်းထောင်ချီရှည်လျားသည့် သမိုင်းစဉ်တစ်လျှောက်တွင် မရှိအတူ ရှိအတူ စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့ကြရာတွင် ထုထည်ပမာဏကြီးမားသည့် မြန်မာ့ယဉ်ကျေးမှု အုတ်မြစ်ကြီးများကို ခိုင်ခံ့စွာစိုက်ထူနိုင်ခဲ့သည့်အပြင် ကမ္ဘာ့အလယ်၌ ထူးခြားလေးနက်သည့် ကိုယ်ပိုင်မြန်မာ့မူဟန်အပြည့်ဖြင့် ဂုဏ်သိက္ခာရှိရှိ ဝင့်ကြွားစွာ ရပ်တည်နေထိုင်ခဲ့ကြသည်။ ရှေးအစဉ်အဆက် ထွန်းကားလာခဲ့သည့် မြန်မာ့ယဉ်ကျေးမှုအနုပညာရပ်များသည် မြန်မာနိုင်ငံ နှစ်ပေါင်းတစ်ရာကျော် သူ့ကျွန်ဘဝသို့ ကျရောက်ပြီးနောက် ကိုလိုနီနယ်ချဲ့စနစ်၏ ဖိနှိပ်ချိုးနှိမ်မှုများ ကိုခံခဲ့ရသည်။ နှစ်ပေါင်းတစ်ရာကျော်ဆိုသည့်ကာလအတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့စိတ်ဓာတ်များ လျော့ပါးပြောင်းလဲ ယိမ်းယိုင်ပျက်ပြားသွားနိုင်သည်။

သို့ရာတွင် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေးစိတ်ဓာတ် ထက်သန်ကြသော မြန်မာတစ်မျိုးသားလုံးက ကိုလိုနီနယ်ချဲ့စနစ်၏ ဖိနှိပ်ချိုးနှိမ်မှုများကို ကြံ့ကြံ့ခံတွန်းလှန်ပြီး မြန်မာတို့၏ စာပေ၊ ယဉ်ကျေးမှု မတိမ်ကော မပပျောက်အောင်၊ မြန်မာတို့၏ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုတို့ဖြင့် အမျိုးသားရေးစိတ်ဓာတ်များ ထက်သန်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်သဖြင့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးများလည်း အဓွန့်ရှည်တည်တံ့ခိုင်မြဲလျက်ရှိသည်။

အချုပ်အနှောင်မဲ့ လွတ်လပ်ပွင့်လင်း တိုးတက်ပြောင်းလဲဖြစ်ပေါ်နေသော မျက်မှောက်ကာလတွင် မြန်မာ့မူဟန် ရှေးမူမပျက် အစဉ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့်ကြားမှ ခေတ်ရေစီးကြောင်းနှင့် တိုးတက်ဖြစ်ထွန်းမှု ရိုက်ခတ်လွှမ်းမိုးမှုများကြောင့် မြတ်နိုးတန်ဖိုးထားဖွယ်ရာ မြန်မာ့ယဉ်ကျေးမှု မှေးမှိန်လျော့ပါးသလို ဖြစ်လာခဲ့သည်။ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် စာပေအပေါ်တွင် အခြေခံဖြစ်ထွန်းလာခဲ့သည့် မြတ်နိုးဂုဏ်ယူဖွယ်ရာ မြန်မာ့ယဉ်ကျေးမှု လျော့ပါးလာသည့်အခါ မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော စရိုက်လက္ခဏာဆိုးများ တစ်စတစ်စ ကြီးစိုးလွှမ်းမိုးလာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ယင်းသည် လွန်စွာအရေးပါသည့် အရေးကြီးသော အကြောင်းတရားများဖြစ်သောကြောင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်ကွဲလွဲသည့် ပြည်ပမှ ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာနေမှုများကို အမျိုးသားရေးအမြင်ဖြင့် ရှုမြင်ကြရမည်ဖြစ်ပြီး တိုင်းပြည်အတွက် အန္တရာယ်ရှိနေသည်ကို သတိထားကြရမည်ဖြစ်သည်။

ထို့ကြောင့် အဆိုပါအန္တရာယ်များကို ထိထိရောက်ရောက် ခုခံတွန်းလှန်နိုင်မည့် မျက်နှာစာတစ်ခုဖြစ်သည့် ယဉ်ကျေးမှုနှင့်အနုပညာနယ်ပယ်မှ မြန်မာ့မူ၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များ ဆက်လက်ရှင်သန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပေသည်။ မိမိနိုင်ငံ၊ မိမိလူမျိုး၏ အနာဂတ်အား အမျိုးသားရေးအကျိုးစီးပွားဖြစ်ထွန်းနိုင်မှု လမ်းကြောင်းမှန်ပေါ်တွင် တည့်မတ်မြဲမြံခိုင်မာစွာ ရပ်တည်ရှင်သန်နေစေရေးအတွက် အနုပညာစွမ်းပကားသည် ကြီးမားသော အထောက်အပံ့ကောင်းများဖြစ်သည်။ အနုပညာစွမ်းပကားသည် ပြည်သူများ၏ စိတ်နှလုံးဘဝင်ကို ဖမ်းစားနိုင်စွမ်းရှိ၍ အနုပညာဖြင့် နိုင်ငံချစ်စိတ် မြင့်မားတိုးတက်လာအောင် ကြိုးပမ်းစွမ်းဆောင်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး နိုင်ငံတကာအလယ်တွင် ဝင့်ဝင့်ထည်ထည်နှင့် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေစေရန်အတွက် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေးစရိုက် လက္ခဏာများ ဆက်လက်ရှင်သန်ထွန်းကားနေအောင်၊ မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် အစဉ်ထာဝရ နိုးကြားရှင်သန်နေအောင်၊ တိုင်းတစ်ပါးယဉ်ကျေးမှု ထိုးဖောက်ဝင်ရောက်နေမှုကို ကာကွယ်နိုင်အောင်၊ နိုင်ငံချစ်စိတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။       ။