Skip to main content

ပြည်ထောင်စုစိတ်ဓာတ်မွေးမြူ နိုင်ငံကောင်းကျိုးအစဉ်ရှင်သန်ဖွံ့ဖြိုး

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး ၁၃၀ ကျော် မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအပေါင်းတို့ ချစ်ကြည်ရင်းနှီးစွာ အတူလက်တွဲနေထိုင်ခဲ့ကြသောကြောင့် ပြည်ထောင်စုကြီး နှစ်ပေါင်းထောင်ချီ ယနေ့ထက်တိုင် တည်တံ့ခိုင်မြဲလျက်ရှိသည်။ ထို့ကြောင့် တိုင်းရင်းသားများ အတူလက်တွဲနေထိုင်ကြမည်ဆိုသည့် ပြည်ထောင်စုစိတ်ဓာတ် အစဉ်ရှင်သန်ထွန်းကားနေစေရန် အထူးအရေးကြီးသည်။

“ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ မိမိတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးသည် “တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တို့အားလုံးသည် သွေးချင်းညီအစ်ကိုများဖြစ်ပြီး အရေးကြီးရင် သွေးနီးကြရမည်” ဆိုသည့်စိတ်၊ “တောင်ပေါ်မြေပြန့်မခွဲခြား၊ တို့အားလုံးသည် သားချင်းများဖြစ်ကြပြီး နိုင်ငံတော်ကို ပူးပေါင်းကာကွယ်စောင့်ရှောက်ကြရမည်” ဆိုသည့်စိတ်၊ “မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊ ဥမကွဲ သိုက်မပျက် အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသည့် မိသားစုများ” ဆိုသည့် စိတ်ဓာတ်များပင်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၆)မှ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်နေထိုင်သည့် ပြည်ထောင်စုနိုင်ငံအတွက် ပြည်ထောင်စုစိတ်ဓာတ်ထားရှိရေး၊ အစဉ်ရှင်သန်ဖြစ်ထွန်းရေးသည် အလွန် အရေးကြီးသောအချက်ဖြစ်သည်။ သမိုင်းကြောင်းတစ်လျှောက်၌ တိုင်းရင်းသားလူမျိုးအချင်းချင်းအကြား ရံဖန်ရံခါ အခန့်မသင့်သည့်အခါ စိတ်သဘောထား ကွဲပြား မှုများရှိခဲ့သော်လည်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံရှိသောကြောင့် ပြန်လည်ပေါင်းစည်းသင့်မြတ်ခဲ့ကြသည်။ ပြည်ထောင်စုကြီးကို နှောင့်ယှက်ဖျက်ဆီးမည့် ပြည်ပအန္တရာယ်များ ဖြစ်ပေါ်လာသည့်အခါတွင် “အရေးကြီးရင် သွေးနီးကြရမည်” ဆိုသည့်အတိုင်း လက်တွဲပေါင်းစည်း တွန်းလှန်တိုက်ဖျက်ခဲ့ကြသည်။ ပြည်ထောင်စုကြီး မပြိုကွဲအောင် ကာကွယ်စောင့်ရှောက်ခဲ့ကြသည့် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာသမိုင်းကြောင်းကို တွေ့ရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင် ပြည်ထောင်စုတိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲသည့် အခြေအနေများနှင့် ကြုံနေရသည်။ ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲခဲ့သည့်အမွေဆိုးကြောင့် လွတ်လပ်ရေးရပြီးချိန်မှစ၍ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ပြည်ပမှ သွေးခွဲသပ်လျှိုမြှောက်ပင့်အားပေးမှုကြောင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားပြီး ပဋိပက္ခများ ရှည်ကြာလျက်ရှိသည်။ တိုင်းရင်းသားပြည်သူများ အတိဒုက္ခရောက်ကြသည်။ လက်ရှိကာလတွင် မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့အရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် အချိန်ကြရောက်လာပြီဖြစ်သည်။ အတိတ်တစ်ချိန်က ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်ခဲ့ကြသလို စုပေါင်းကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။

တိုင်းရင်းသားပြည်သူတစ်ယောက်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခြင်းသည် ပြည်ထောင်စုကြီးတစ်ခုလုံးနှင့် နိုင်ငံသူ နိုင်ငံသားအားလုံးကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည်။ ထိုသို့စောင့်ရှောက်ခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ခြင်းပင်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသည့် တပ်မတော်ကို ပြည်သူအားဖြင့် ပူးပေါင်းကူညီကြရမည်ဖြစ်သကဲ့သို့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတာဝန်များကို တိုင်းရင်းသားပြည်သူများနှင့် တပ်မတော် အတူတကွ ဦးထမ်းပဲ့ထမ်း တာဝန်ထမ်းဆောင်ခြင်းဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်ကြရမည် ဖြစ်သည်။

တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်ဆိုသည့်အချက်ကို မြန်မာတစ်မျိုးသားလုံး ဖြတ်သန်းခဲ့ကြရသည့် သမိုင်းကြောင်းတစ်လျှောက်၌ ဂုဏ်ယူဖွယ်ရာ ဖော်ညွှန်းပြသခဲ့ပြီးဖြစ်သည်။ တိုင်းပြည်ကာကွယ်ရေးအတွက်သာမက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်တွင်းအားဖြင့်သာ အဓိကအားထားတည်ဆောက်ကြရမည်ဖြစ်သည်။ မြေပေါ်၊ မြေအောက်နှင့်ရေသယံဇာတများ ကြွယ်ဝပြီး လူသားအရင်းအမြစ်များ ပေါများသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်ဖြင့် လက်တွဲကြိုးပမ်းဆောင်ရွက်ကြပါက ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက် တည်ဆောက်ပေးနိုင်ပြီး ဒေသတွင်းမှာသာမက ကမ္ဘာ့အဆင့်တွင်ပါ ထိပ်တန်းသို့ရောက်ရှိနိုင်သည်ကို ဆင်ခြင်ကြည့်နိုင်သည်။

ထို့ကြောင့် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်ကြရာတွင် အတွေးအခေါ်အယူအဆမှန်ကန်စွာဖြင့် စည်းစည်းလုံးလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသားလူငယ်များကြားတွင် ပြည်ထောင်စု စိတ်ဓာတ်ကိန်းအောင်းပြီး နိုင်ငံ၏ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်လိုသော မွန်မြတ်သည့် စိတ်စေတနာကောင်းများ ထာဝစဉ်ရှင်သန်ဖြစ်ထွန်းအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။