Skip to main content

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အဟန့်အတားဖြစ်မှုများ ဖယ်ရှား

“တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်” ဆိုသည့် ရှေ့လုပ်ငန်းစဉ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကဏ္ဍအသီးသီးတွင် တိုးတက်ဖြစ်ထွန်းမှုများ အတိုင်းအတာတစ်ခုအထိ ရရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

သို့သော် နိုင်ငံ့စီးပွား မြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် မြင့်မားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရတစ်ရပ်တည်းက ကြိုးပမ်းဆောင်ရွက်နေရုံမျှဖြင့် ရည်မှန်းထားသည့်အတိုင်း အောင်မြင်မှုများကို အပြည့်အဝရရှိနိုင်မည်မဟုတ်ပေ။ နိုင်ငံ့စီးပွားတိုးတက်အားကောင်းလာရေး၊ လူမှုစီးပွားမြင့်မားရေးအတွက် နိုင်ငံတော်နှင့်အတူ ပြည်သူလူထုတစ်ရပ်လုံးကလည်း ပြဋ္ဌာန်းထားသည့် စည်းကမ်းဥပဒေများကို လေးစားလိုက်နာဆောင်ရွက်ခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအားကောင်းလာစေရေးအတွက် တက်ညီလက်ညီ ပူးပေါင်းပါဝင်ခြင်းတို့ကို အလေးထားဆောင်ရွက်ကြမှသာ အောင်မြင်မှုများ အပြည့်အဝ ရရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပကတိအနေအထားများအရ နိုင်ငံ့စီးပွားရေးနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက် လုပ်နိုင်ကိုင်နိုင်၊ လုပ်သာကိုင်သာရှိသော အခြေခံကောင်းများစွာ ပိုင်ဆိုင်ထားသည်။ နိုင်ငံတော်နှင့် ပြည်သူများ၏ စီးပွားရေးဘဝ မြင့်မားတိုးတက်လာရာတွင် စည်းကမ်းနည်းလမ်းတကျ လိုက်ပါဆောင်ရွက်မှုတွင် အားနည်းနေသည်။ အထူးသဖြင့် ကုန်သွယ်စီးပွားကဏ္ဍတွင် ဥပဒေစည်းကမ်းလိုက်နာမှုမရှိသဖြင့် စီးပွားရေးမတည်ငြိမ်မှု၊ ဂယက်ရိုက်ခတ်မှုများရှိနေသည်။

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပြီး အဟန့်အတားဖြစ်စေမည့် တရားမဝင်ကုန်သွယ်မှုကိစ္စများ ကြီးထွားနေသည်ကို တွေ့ရမည်ဖြစ်သည်။ တရားမဝင် ကုန်သွယ်မှုများကို စဉ်ဆက်မပြတ် တိုက်ဖျက်နေသော်လည်း နေ့စဉ်နှင့်အမျှ ဖမ်းဆီးရမိနေသည်မှာ လျော့ပါးသွားခြင်းမရှိကြောင်း သက်သေပြလျက်ရှိသည်။ တရားမဝင်ကုန်သွယ်မှုသည် အကျိုးအမြတ်များပြားသဖြင့် ဖမ်းဆီးအရေးယူမှုများကြားမှ ဆက်လက်ကျူးလွန်နေဟန်တူသည်။ တရားမဝင်ကုန်သွယ်မှုကိစ္စများကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်မှုရှိသည့်အပြင် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်နေကြသည့် တိုင်းရင်းသားလုပ်ငန်းရှင်များ၏ ကုန်ထုတ်လုပ်မှု၊ ဈေးကွက် ယှဉ်ပြိုင်မှု၊ စွမ်းဆောင်ရည်နှင့် စွမ်းဆောင်နိုင်မှုအားများ လျော့ကျစေသည်။

ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုကိစ္စများအား ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နိုင်ရန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက တိုက်တွန်းထားသည်။ အဆင့်ဆင့်သော ပြည်နယ်နှင့် တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များက ဆက်လက်၍ ထိရောက်စွာတိုက်ဖျက်သွားရန် လိုအပ်သည်။ သို့မှသာ ကုန်ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှုမှတစ်ဆင့် ပို့ကုန်ကဏ္ဍနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍ မြင့်မားတိုးတက်လာမည်ဖြစ်သည်။ ၎င်းမှတစ်ဆင့် ပြည်တွင်းသုံးစွဲသည့် ငွေလည်ပတ်မှုအားကောင်းစေမည့်ကဏ္ဍများအပါအဝင် နောက်ဆုံး ပြည်ပပို့ကုန်တင်ပို့နိုင်မှုကို ဖွံ့ဖြိုးတိုးတက်စေလျက် နိုင်ငံခြားငွေစီးဆင်းမှုများလည်း မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် ဖြစ်ပေါ်လာမည်။ နိုင်ငံ၏ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုအခန်းကဏ္ဍအပိုင်းကလည်း တစ်ပါတည်း လိုက်ပါဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် သယံဇာတပေါများကြွယ်ဝပြီး စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သည့်အတွက် စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ရာတွင် သဘာဝသယံဇာတထုတ်ကုန်များနှင့် စိုက်ပျိုးရေးထွက်ကုန်များကို အဓိကထုတ်လုပ်နိုင်အောင် အားပေးမြှင့်တင်လျက်ရှိသည်။ ထို့အတူ ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ပြည်တွင်းပို့ကုန်အမည် (အမယ်) သစ်များ တင်ပို့နိုင်ရေးအတွက် နိုင်ငံတော်က စီမံချက်များ ချမှတ်ဆောင်ရွက်နေသည့် MSME လုပ်ငန်းများ တိုးတက်လာအောင် အားပေးဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းထုတ်ကုန်များ အဆင့်မီမီထုတ်လုပ်နိုင်လျှင် ပြည်တွင်း၌ ရောင်းဝယ်ဖောက်ကားမှုများ အားကောင်းပြီး ပြည်ပသို့ပါ တင်ပို့နိုင်မည်ဆိုပါက ဈေးကွက်တည်ငြိမ်အားကောင်းပြီး နိုင်ငံ့စီးပွားရေးနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများနှင့် ပြည်တွင်းဈေးကွက်စီးပွားရေး တည်ငြိမ်အားကောင်းလာစေရန်အတွက် အဓိကကျသော အဟန့်အတားအနှောင့်အယှက်မှာ တရားမဝင်ကုန်သွယ်မှုကိစ္စများ အားကောင်းနေခြင်းဖြစ်၍ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကအဟန့်အတားဖြစ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာ ဆိုးကျိုးသက်ရောက်မှုဖြစ်စေသည့် ဆက်လက်ကြီးထွားနေသော တရားမဝင်ကုန်သွယ်မှုကိစ္စများကို မဖြစ်မနေ ထိထိရောက်ရောက် တားဆီးကာကွယ်တိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။ ။