မြန်မာနိုင်ငံအတွင်းရှိ ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများအားလုံးနှင့် ဟိန္ဒူဘာသာဝင်များ၊ အခြားဘာသာဝင်များစုပေါင်း၍ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် နိုဝင်ဘာ ၂ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်းနယ်နိမိတ်၊ ရေနယ်နိမိတ်များ ထိစပ်နေသကဲ့သို့ပင် ဘာသာရေး၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းတို့အရလည်း နီးနီးကပ်ကပ် ထိစပ်နေသည့် နိုင်ငံဖြစ်သည်။
အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား အပြန်အလှန်ကူးလူးဆက်ဆံသွားလာမှုများမှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ပြီဖြစ်သည့်အလျောက် အခြေချနေထိုင်မှုများရှိသလို ယဉ်ကျေးမှုများ ပေါင်းစည်းမှုများလည်း ရှိခဲ့သည်။ မြန်မာစကားတွင် ဟိန္ဒူဝေါဟာရအများအပြားကို ယူငင်သုံးစွဲရာမှ ကာလကြာမြင့်လာသည့်အခါ မြန်မာဝေါဟာရသဖွယ် ဖြစ်လာသည်။ ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီခေါ် မီးထွန်းပွဲတော်သည် မြန်မာနိုင်ငံတွင် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော်တို့၏ ကြားကာလတွင် ကျရောက်ပြီး ဘာသာရေး၊ တရားဓမ္မရေး၊ အမျိုးသားရေးပွဲတော်ဖြစ်သည်။ ပွဲတော်၏ အနှစ်သာရအားဖြင့် “အဝိဇ္ဇာ” အမိုက်မှောင်ကို ပယ်ခွင်း၍ “ဝိဇ္ဇာ” ဉာဏ်အလင်းကို အောင်နိုင်ခြင်း၊ “ကဏှ” ခေါ် မကောင်းမှုအင်အားစုကို “ကလျာဏ” ခေါ် ကောင်းမှုအင်အားစုက အနိုင်ရခြင်း၊ “အဓမ္မ” ခေါ် မှားယွင်းသည့်သဘောတရားကို “ဓမ္မ” ခေါ် သစ္စာတရားက အောင်နိုင်ခြင်းတို့၏ အထိမ်းအမှတ်ပင်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုနှစ် ဟိန္ဒူရိုးရာဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် “မိမိတို့မြန်မာနိုင်ငံသားများသည် လူမျိုးအရဖြစ်စေ၊ ဘာသာတရားအရဖြစ်စေ ကွဲပြားမှုများရှိကြောင်း၊ သို့သော်လည်း အမိမြေပေါ်တွင် အတူတကွကြီးပြင်းလာရသူများ ဖြစ်ကြသည်မှာ တူညီသည့်အတွက် တစ်ဦး၏ ယုံကြည်ရာ ဘာသာတရားကို အခြားတစ်ဦးက လေးစားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး အပြန်အလှန်ချစ်ကြည် ရင်းနှီးမှုများကတစ်ဆင့် မြန်မာနိုင်ငံ၏အကျိုးကို ဝိုင်းဝန်းသယ်ပိုးသွားကြစေလိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ မိမိတို့နိုင်ငံတွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းကို သုံးရာမှ ပဋိပက္ခများ ဖြစ်ပေါ်လာပြီး နိုင်ငံသားပြည်သူများစွာ အတိဒုက္ခရောက်ကြရသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်အပါအဝင် အရင်းအမြစ်များစွာလည်း ပျက်စီးဆုံးရှုံးရသည်။ ပြည်တွင်းပဋိပက္ခကို မီးလောင်ရာလေပင့်ကာ ပြည်ပမှ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးစသည်ဖြင့် အဘက်ဘက်မှ သွေးထိုးလှုံ့ဆော်မှုများကို တရစပ်ပြုလုပ်လျက်ရှိရာ ပြည်တွင်း၌ နေထိုင်ကြသူ နိုင်ငံသူ၊ နိုင်ငံသားအားလုံးက အသိတရားနှင့် သတိထားကာ စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်ကြဖို့လိုသည်။
“သွေးကွဲနေပါက သွေးထိုးခံနေရမည်ပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာသုံးစွဲနေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ၊ မြန်မာနိုင်ငံကို ချစ်သည့်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်မွေးပြီးနေကြရန်လိုကြောင်း” နိုင်ငံတော်အကြီးအကဲက ထည့်သွင်းပြောကြားခဲ့ရာ မိမိတို့အားလုံး မြန်မာများပင်ဖြစ်သည်ဟူသည့် တစ်စုတစ်စည်း တည်းသော စိတ်ဓာတ်ဖြင့် နိုင်ငံ့အကျိုးကို အတူတကွ ဝိုင်းဝန်းသယ်ပိုးကြရမည်ဖြစ်သည်။ အကာလအမိုက်မှောင်ကို ဆီမီးအလင်းရောင်များဖြင့် ထွန်းလင်းဖြိုခွင်းသည့် ဒီပါဝလီပွဲတော်ကာလမှသည် အမိနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် မတူကွဲပြားသော လူမျိုးများ၊ ဘာသာဝင်များအချင်းချင်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသည့် လောကပါလတရားတို့ကို လက်ကိုင်ထားကာ မိမိတို့ကိုးကွယ်ရာ ဘာသာသာသနာအဆုံးအမတို့နှင့်အညီ နိုင်ငံနှင့် ပြည်သူအားလုံးတို့၏ အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်ကြပါစေကြောင်း။ ။