အမေရိကန်နိုင်ငံ မစ်ဇော်ရီ (Missouri) တက္ကသိုလ် သတင်းစာသင်တန်းကျောင်းကို စတင်တည်ထောင်ခဲ့သူ မစ္စတာဝေါလတာဝီလျံက သတင်းစာဆရာလက်သုံးဝါဒများကို ပြောကြားခဲ့သည့်အနက် “လူတိုင်းကိုလည်း အခွင့်အလမ်းပေးစေ၊ တရားဥပဒေအရသော်လည်းကောင်း၊ တော်သင့်သော လုပ်ခအရသော်လည်းကောင်း၊ လူလျှင် လူချင်း ညီရင်းအစ်ကိုကဲ့သို့ ဆက်ဆံပေါင်းသင်းသည့်အချက်ကို အသိအမှတ်ပြု၍သော်လည်းကောင်း ညီမျှသော အခွင့်အလမ်းပေးနိုင်စေ၊ ကမ္ဘာသူ ကမ္ဘာသားချင်း ရင်းနှီးမှုကို မြဲမြံစေ၍ နိုင်ငံအချင်းချင်း ချစ်ကြည်မှုကို စေတနာရင်းနှင့် ဆောင်ကြဉ်းစေလျက် မိမိနိုင်ငံကိုလည်း ချစ်မြတ်နိုးသောစိတ်ရှိစေ” ဟူသည့်အချက်ပါရှိသည်။
အဆိုပါအချက်သည် သတင်းစာဆရာများအားလုံး သိမှတ်သင့်သည့်အချက်ပင်ဖြစ်သည်။ နိုင်ငံတကာမှ ရှေးဦးသတင်းစာဆရာကြီးများသည် သတင်းစာလွတ်လပ်ခွင့်၊ အမှန်တရားထုတ်ဖော်ခွင့်၊ လူတိုင်းသတင်းသိပိုင်ခွင့်တို့ကို ပြောကြားခဲ့သလို မှန်ကန်မှု၊ မျှတမှု၊ မြန်ဆန်မှု၊ ဘက်မလိုက်မှု၊ ပြည်သူနှင့် နိုင်ငံအကျိုးစီးပွား အလေးထားမှုစသည့် သတင်းစာဆရာတိုင်း လိုက်နာကျင့်သုံးအပ်သည့် ကျင့်ဝတ်များကို အသိပေးထားသည်။ အနှစ်ချုပ်မှာ သတင်းသိပိုင်ခွင့်ကို သတင်းစာပညာဖြင့် ကမ္ဘာသူ ကမ္ဘာသားများနှင့် နိုင်ငံအချင်းချင်း အကျိုးပြုရေးဖြစ်သည်။ သို့သော် မျက်မှောက်ကာလ၌ အချို့သတင်းစာဆရာများသည် ကျင့်ဝတ်များကို ဖောက်ဖျက်လျက် နိုင်ငံနှင့်ပြည်သူများ ပျက်စီးရာပျက်စီးကြောင်းကိုသာ ရှေးရှုလုပ်ဆောင်နေ သည်ကိုတွေ့ရသည်။
အောက်တိုဘာလ၏ နောက်ဆုံးသီတင်းပတ်က ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှုရက်သတ္တပတ်အခမ်းအနားများကို ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို နိုင်ငံများတွင် နှစ်စဉ်နှစ်တိုင်းကျင်းပကြသည်။ ယခုနှစ်အတွက် အဓိကဖော်ညွှန်းချက်မှာ “သတင်းအချက်အလက်များ၏ ဒစ်ဂျစ်တယ်နယ်ပယ်သစ်၊ ပြည်သူ့အကျိုးပြုသတင်းအချက်အလက်များအတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု” ဟူ၍ဖြစ်သည်။ မျက်မှောက်ကာလတွင် ဒစ်ဂျစ်တယ်အခင်းအကျင်းသစ် ပေါ်ထွန်းလာမှုကြောင့် သတင်းသိပိုင်ခွင့်အခွင့်အလမ်းများ များပြားလာမှုနှင့်အတူ စိန်ခေါ်မှုများကို ဖော်ထုတ်နိုင်ရေး အသိပေးနှိုးဆော်လာကြသည်။
၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှုရက်သတ္တပတ်အတွက် သတ်မှတ်ပေးခဲ့သည့် အချက် (၅) ချက်တွင် ပထမဦးစားပေးအချက်၌ သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများ၊ အွန်လိုင်းအရင်းအမြစ်များနှင့် ပုဂ္ဂိုလ်ရေးချိုးဖောက်မှုများအပါအဝင် အွန်လိုင်းစိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကြောင့် လူအများစုရင်ဆိုင်နေရသော အခက်အခဲများကို ဖော်ထုတ်ရန်ဆိုသည့်အချက်ပါရှိသည်။ မျက်မှောက်ကာလ အလျင်အမြန်တိုးတက်နေသောနည်းပညာခေတ်၌ ပြည်သူအများစုသည် အွန်လိုင်းပေါ်တွင် သတင်းစားသုံးလျက်ရှိသည်။ သတင်းစားသုံးကြရာ၌ မီဒီယာအချို့၏ သတင်းစာကျင့်ဝတ်များကို ဖောက်ဖျက်လုပ်ကိုင်လာကြသောကြောင့် သတင်းအဆိပ်သင့်မှုများ ဖြစ်လာသည်။
သတင်းအဆိပ်သင့်မှု၊ မမှန်သတင်းများ လွှမ်းမိုးမှုကြောင့် နိုင်ငံနှင့်ပြည်သူများ ထိခိုက်နစ်နာမှုများ ဖြစ်ကြရသည်။ နိုင်ငံကြီးအချို့၏ မီဒီယာကို လက်နက်သဖွယ် အသုံးချမှု၊ မီဒီယာလွှမ်းမိုးချုပ်ကိုင်ထားမှုများကြောင့် အဆိုပါနိုင်ငံကြီးများအလိုကျ ဘက်လိုက်သတင်းများ၊ မမှန်သတင်းများကို စဉ်ဆက်မပြတ် ထုတ်ပြန်နေကြသည်။ အစဉ်အဆက်လိုက်နာကျင့်သုံးရန် ထုတ်ပြန်အသိပေးထားသော သတင်းစာဆရာကျင့်ဝတ်များကို သိလျက်နှင့် မျက်ကွယ်ပြုပြီး သတင်းအဆိပ်ခတ်မှုများကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ဝိုင်းဝန်းတိုက်ဖျက်နိုင်ရန် နိုင်ငံအများက စုပေါင်းကြိုးပမ်းနေကြသည်။ မီဒီယာများအနေဖြင့် အွန်လိုင်းပေါ်တွင် ရေးသားဖော်ပြချက်များကို တာဝန်ယူမှု တာဝန်ခံမှုရှိစွာဖြင့် လုပ်ကိုင်နိုင်ကြစေရန်၊ ပြည်သူများအနေဖြင့် ဝေဖန်သုံးသပ်စဉ်းစားနိုင်ကြစေရန်၊ သတင်းအချက်အလက်များကို အကဲဖြတ် နိုင်ရန်နှင့် သတင်းတုများ၊ ဖန်တီးသတင်းများကို သတိမူတတ်စေရန် လိုအပ်လာသည်။
အဖျက်မီဒီယာများအနေဖြင့် ၎င်းတို့အကျိုးစီးပွားအတွက် အဖျက်သတင်းများကို ဆက်လက်လုပ်ကိုင်နေမည်ဖြစ်ရာ နိုင်ငံနှင့် ပြည်သူအကျိုးပြုမီဒီယာများ ခိုင်မာအားကောင်းရေး၊ ပြည်သူများအနေဖြင့် အမှားအမှန်၊ အကျိုးပြု/မပြု ခွဲခြားဆင်ခြင်သုံးသပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကမ္ဘာတစ်ခွင်မှ အကြောင်းအရာများ ဖန်တီးပုံဖော်သူများ၊ လူငယ်များနှင့် ပြည်သူများအား ဆန်းသစ်သည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုကို ဦးစီးဦးဆောင်ပြုကာ အကောင်းဆုံးကျင့်သုံးနိုင်သူများဖြစ်စေရန်ရည်ရွယ်၍ အသိအမြင်များ မြှင့်တင်ပေးရန်လိုအပ်သည်။ မျက်မှောက်ခေတ် ဒစ်ဂျစ်တယ်စနစ်၏အရေးပါမှုနှင့် သတင်းတု၊ သတင်းမှားများ၏အန္တရာယ်ကို ပိုမိုကျယ်ပြန့်စွာ အသိပေးလှုံ့ဆော်ရမည် ဖြစ်သည်။
သတင်းစာဆရာများ၏ မူလကျင့်ဝတ်များသည် အလွန်မွန်မြတ်မှန်ကန်သည့် ကျင့်ဝတ်များဖြစ်သည်။ သို့သော် နိုင်ငံရေးအရ အသုံးချမှုများရှိလာခြင်းကြောင့် သတင်းစာဆရာကျင့်ဝတ်များကို ဖောက်ဖျက်ပြီး နိုင်ငံနှင့် ပြည်သူများ အကျိုးစီးပွားပျက်ပြားစေရန် သတင်းတု၊ သတင်းမှား၊ ဘက်လိုက်သတင်းများနှင့် အခါပေးသတင်းများဖြင့် ဖန်တီးပုံဖော်မှုများရှိလာရာ နိုင်ငံနှင့်ပြည်သူအကျိုးကို ရှေးရှုသည့် မီဒီယာအသိုင်းအဝိုင်းအားလုံးက သတင်းအဆိပ်မသင့်စေရေး၊ အေးချမ်းသာယာဝပြောသည့် လူ့ဘောင်လောကကို တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။