Skip to main content

ပိုမိုကောင်းမွန်သောအသိုက်အဝန်း ဆန်းသစ်တီထွင်မှုဖြင့် ဖော်ဆောင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ ဟိုင်ဂန်ကွန်ဗင်းရှင်းစင်တာတွင် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပသည့် အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးသို့တက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားသော နိုင်ငံတကာကတိကဝတ်များကို အကောင်အထည်ဖော်ရာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးပထမပိုင်း နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေးတွင် တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များက “ဆန်းသစ်တီထွင်မှုဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဒေသတွင်း ပေါင်းစည်းဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပြင်ဆင်ထားရမည့်ကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “တစ်ချိန်တည်းမှာပဲ တီထွင်ဆန်းသစ်မှုတွေဟာ မိမိနိုင်ငံရဲ့ ရေမြေသဘာဝ၊ ပထဝီအနေအထားတွေနဲ့ ကိုက်ညီဖို့လိုတဲ့အပြင် အစိုးရ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပုဂ္ဂလိကနဲ့ ဒေသန္တရအစိုးရတွေအပြင် အသိပညာရှင် အတတ်ပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

တိုးတက်ပြောင်းလဲဖြစ်ထွန်းနေသော ယနေ့ကာလတွင် နည်းပညာနှင့် သုတေသန တီထွင်ဆန်းသစ်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ လျင်မြန်စွာပြောင်းလဲနေသည့် ကမ္ဘာ့စီးပွားရေးစနစ်တွင် ဆန်းသစ်တီထွင်မှုကို အားပေးမြှင့်တင်သည့် နိုင်ငံများ၊ ဒေသများအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို သိသာထင်ရှားစွာမြှင့်တင်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကဏ္ဍတွင် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်လာနိုင်ခြင်းစသည့် လူမှုစီးပွားဘဝအရည်အသွေးများကို တိုးတက်ပြောင်းလဲလာအောင် ဆောင်ရွက်လာနိုင်သည်ကို တွေ့မြင်နေရသည်။

ဆန်းသစ်တီထွင်မှုဖြင့် အောင်မြင်သည့်ဒေသခွဲတစ်ခု ပေါ်ပေါက်လာစေရန်အတွက် အရင်းအမြစ်များရရှိနိုင်မှုသည် အလွန်အရေးကြီးသည်။ ဆန်းသစ်တီထွင်နိုင်မှုအတွက် သုတေသနနှင့်ဖွံ့ဖြိုးမှုသည် မရှိမဖြစ်လိုအပ်သည့် အရင်းအမြစ်ဖြစ်သကဲ့သို့ ဆန်းသစ်တီထွင်မှုရန်ပုံငွေ တောင့်တင်းရန်လည်းလိုအပ်သည်။ ဆန်းသစ် တီထွင်မှုရန်ပုံငွေအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ပံ့ပိုးမှု စသည့်နယ်ပယ်ပေါင်းစုံမှ အရင်းအမြစ်များနှင့် ပေါင်းစည်းပြီးဆောင်ရွက်မှသာ ပြည့်စုံမည်ဖြစ်သည်။

ဂျီအမ်အက်စ်ဒေသခွဲအနေဖြင့် စိုက်ပျိုးစီးပွား ပိုမိုတိုးတက်ထွန်းကားလာရန်နှင့် စားနပ်ရိက္ခာဖူလုံရန်အတွက် ဆန်းသစ်တီထွင်မှုနှင့် အရှိန်မြှင့်တင်ရမည်ပင်ဖြစ်ကြောင်း၊ ဂျီအမ်အက်စ်အစီအစဉ်၏ ကဏ္ဍအားလုံးကို ဆန်းသစ်တီထွင်မှု မဟာဗျူဟာနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ မဟာဗျူဟာအရ အထူးသဖြင့် စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဆိုသည့် လုပ်ငန်းစဉ်ကလည်း  ဒေသတွင်းလိုအပ်ချက်အရ များစွာသင့်တော်ကြောင်း၊ ယင်းဦးစားပေးကဏ္ဍများအပြင် ကျန်ရှိနေသည့် စွမ်းအင်၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍတို့တွင် ဆက်လက်ဆောင်ရွက်သွားရန် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့သည်။

မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှု၊ စားရေရိက္ခာဖူလုံမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ ငွေကြေးဖောင်းပွမှု၊ ကျန်းမာရေးအကျပ်အတည်းဖြစ်မှု၊ စွမ်းအင်ဈေးနှုန်းမြင့်တက်လာမှု၊ ရွှေ့ပြောင်းလုပ်သားများနှင့် စီးပွားရေးမညီမျှမှု စသည့်အပြန်အလှန်ဆက်နွှယ်နေသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ယင်းစိန်ခေါ်မှုများကို တစ်နိုင်ငံတည်း၊ အဖွဲ့အစည်းတစ်ခုတည်းအနေဖြင့် ဖြေရှင်း၍မရသည့်အတွက် ညှိနှိုင်းပေါင်းစပ်မှုနှင့်ဘက်စုံချဉ်းကပ်ဆောင်ရွက်မည့် နည်းလမ်းများကို ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် အရင်းအမြစ်များကို ပေါင်းစည်းအသုံးပြုခြင်း၊ အသိပညာမျှဝေခြင်း၊ မူဝါဒများကို လိုအပ်သလိုချိန်ညှိဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲမှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ ဂျီအမ်အက်စ်အစည်းအဝေး ဒုတိယပိုင်းအစီအစဉ်ခေါင်းစဉ်ပါ “ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အသိုက်အဝန်းဆီသို့” ရည်မှန်းချက်အတိုင်း နိုင်ငံအချင်းချင်းဖြစ်စေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့်ဖြစ်စေ၊ ဆန်းသစ်တီထွင်မှုကဏ္ဍတွင် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်းဖြင့် ဒေသတွင်းနိုင်ငံများအားလုံး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။