Skip to main content

ပိုမိုသုံးရလွယ်ကူပြီး သတင်းသိပိုင်ခွင့်ကို ထိထိရောက်ရောက်ကူညီပေးနိုင်တဲ့ အွန်လိုင်းပေါ်က MOI

ဝန်ကြီးဌာနအသီးသီးနှင့် ဌာနဆိုင်ရာ ဝက်ဘ်ဆိုက်တွေ တည်ဆောက်နိုင်ရေးဆိုတာ နိုင်ငံတော်ရဲ့ e-government လုပ်ငန်းစဉ် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက e-government လုပ်ငန်းစဉ်တွေကို ဖော်ဆောင်ရင်း တစ်ဖက်မှာလည်း သတင်းမီဒီယာကဏ္ဍကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ သတင်းထုတ်ပြန်ရေးကဏ္ဍကို ပူးတွဲတာဝန်ထမ်းဆောင် ပေးနေတဲ့ အွန်လိုင်းပလက်ဖောင်းကတော့ www.moi.gov.mm ပဲ ဖြစ်ပါတယ်။

သုံးစွဲသူတွေအနေနဲ့ကတော့ MOI အနေနဲ့ သိရှိ ကြပြီး နိုင်ငံတော်အစိုးရအဖွဲ့အစည်းဝက်ဘ်ဆိုက်တစ်ခု အဖြစ်သာမက သတင်းဝက်ဘ်ဆိုက်တစ်ခုအဖြစ်နဲ့ပါ ဆောင်ရွက်နေခြင်းဟာ ပြည်သူတွေ သတင်းသိပိုင်ခွင့် ကို ဖြည့်ဆည်းပေးနေတာပဲ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာ လူတွေပြောဆိုဝေဖန်နေကြတဲ့ ကောလာဟလတွေ၊ ပျံ့နှံ့နေတဲ့ သတင်းအချက်အလက် တွေကို အတည်ပြုနိုင်ဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာန ရဲ့ ဝက်ဘ်ပေါ်တယ်ကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ဝေးလံခေါင်ဖျားဒေသတွေက သတင်းအချက်အလက် တွေကို တိတိကျကျ မြန်မြန်ဆန်ဆန်နဲ့ သိရှိနိုင်ဖို့ အတွက်လည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အွန်လိုင်း စာမျက်နှာကို အသုံးပြုနိုင်ပါတယ်။ ဒါကတော့ ပြည်သူ တွေအကြားမှာ သတင်းရရှိမှု ကွာဟချက်ကို ချိန်ညှိ ပေးနိုင်ဖို့အတွက် တိုတိုနဲ့ လိုရင်းထိမိတဲ့ သတင်းအချက် အလက်တွေကို အများပြည်သူထံ အရောက်ပို့ပေး နိုင်ရေးကို ရည်ရွယ်ဆောင်ရွက်ထားတာဖြစ်ပါတယ်။

ဥပဒေတွေ၊ ကြေညာချက်တွေ၊ အရေးပေါ်သတိပေး ချက်တွေ၊ ကျန်းမာရေးအသိပေးချက်တွေ စတာတွေကို ပြည်သူတွေသိအောင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အဓိက ဝက်ဘ်ဆိုက်အပြင် မြန်မာနိုင်ငံမှာ လူသုံးများပြီး ပြည်သူ အကြားပျံ့နှံ့လွယ်တဲ့ social media platform တွေကို အသုံးပြုပြီး သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးနေ ပါတယ်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၈ ရက်နေ့ မှာ Facebook like ၁၈ သိန်းကျော်၊ Facebook follower ၁၉ သိန်းကျော်ရှိပြီ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အခြား ပြည်တွင်း သတင်းမီဒီယာဝက်ဘ်ဆိုက်တွေရဲ့ ပျံ့နှံ့အားနဲ့ယှဉ်ကြည့်ရင် သိနိုင်ပါတယ်။

ဝက်ဘ်ဆိုက်ကို ဝင်ရောက်တာနဲ့ နေ့စဉ်ဖြစ်ပျက် သမျှ သတင်းအချက်အလက်တွေကနေ အထူးသတင်း တွေ၊ နောက်ဆုံးရသတင်းတွေကို ထင်ထင်ရှားရှား မြင်တွေ့ရမှာဖြစ်သလို အနယ်နယ်အရပ်ရပ်က ရရှိတဲ့ သတင်းဗီဒီယိုတွေကိုလည်း ရှုမြင်နိုင်ကြမှာ ဖြစ်ပါတယ်။ ဌာနဆိုင်ရာ ဝက်ဘ်ဆိုက်တွေ၊ ဝန်ကြီးဌာနအသီးသီးရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကိုလည်း MOI ကနေ တစ်ဆင့် လွယ်လင့်တကူ ချိတ်ဆက်ဝင်ရောက်နိုင်ပါ တယ်။

MOI ဝက်ဘ်ဆိုက်မှာတော့ နိုင်ငံတော်အကြီးအကဲ တွေရဲ့ သတင်းတွေ၊ ထူးခြားဖြစ်စဉ်သတင်းတွေ၊ အများ ပြည်သူ သိသင့်သိထိုက်တဲ့သတင်းတွေ၊ နိုင်ငံတော် အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်တွေ၊ ဒေသဆိုင်ရာ သတင်းတွေ ခွဲခြားတင်ဆက်နေတာကို တွေ့ရပါတယ်။ သတင်းတွေကို တစ်ရက်ပျမ်းမျှ သတင်းစာသား၊ ဓာတ်ပုံနဲ့ ရုပ်သံသတင်းအပုဒ်ရေ ၃၅၀ ဝန်းကျင် လွှင့်တင်နေတဲ့အတွက် တစ်နိုင်ငံလုံးမှာ ဖြစ်ပျက်သမျှ သတင်းဦး၊ သတင်းထူးတွေကို အချိန်မဆိုင်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်ကို လေ့လာကြည့်တဲ့အခါ နိုင်ငံတော် အစိုးရရဲ့ သတင်းထုတ်ပြန်ချက်၊ နိုင်ငံတော်အကြီးအကဲ တွေရဲ့ လှုပ်ရှားဆောင်ရွက်မှု၊ မိန့်ခွန်းတွေနဲ့ အများပြည်သူ သိသင့်သိထိုက်တဲ့ အချက်အလက်တွေ အားလုံး၊ လတ်တလော သတင်းထုတ်ပြန်ထားချက်တွေနဲ့ ဒေသ ဆိုင်ရာသတင်းတွေကို အဓိကထား လွှင့်တင်နေတာကို တွေ့မြင်ရပါတယ်။ ဒါကြောင့် လတ်တလောအရေးပေါ် ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ သတင်းတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေ၊ ပညာရေးဆိုင်ရာအချက်အလက် တွေကို ရယူနိုင်ဖို့အတွက် ကူညီနိုင်တဲ့ ဝက်ဘ်ဆိုက်တစ်ခု လည်း ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းက ထုတ်ဝေလျက်ရှိတဲ့ နေ့စဉ်ထုတ်သတင်းစာ တွေ၊ MRTV live stream ၊ လွှတ်တော် live stream ၊ နိုင်ငံတော်ဆိုင်ရာပြန်တမ်း၊ ဌာနဆိုင်ရာပြောခွင့်ရပုဂ္ဂိုလ် တွေ စာရင်း၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး စာရင်းတွေ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ အမည်စာရင်းတွေ၊ ဥပဒေတွေ၊ နိုင်ငံတော်အကြီးအကဲမိန့်ခွန်းတွေအားလုံးကို တစ်နေရာတည်းမှာ တစု တစည်းတည်းရနိုင်တာကိုလည်း တွေ့ရပါတယ်။ အခု နောက်ပိုင်းမှာ အသစ်ထပ်တိုးထားတဲ့ ကဏ္ဍသစ်တွေ ကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့လပိုင်းကနေစလို့ ပညာရေးဆိုင်ရာ အချက် အလက်၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်၊ နယ်မြေ ဒေသဆိုင်ရာ အချက်အလက်နဲ့ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်ဆိုပြီး အသစ်ကဏ္ဍတွေတိုးချဲ့ထားတဲ့ အတွက် ဖတ်ရှုဖွယ်ရာ အတော်လေးများပြားလာတာ ကိုလည်း သတိထားမိပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ် လ ၃၁ ရက်နေ့မှာ ဝက်ဘ်ပေါ်တယ်အဖြစ် အဆင့်မြှင့်တင် ထားခဲ့ရာ ယခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာတော့ ဝက်ဘ်ဆိုက် Drupal 8 ဗားရှင်းအနေနဲ့ အဆင့်မြှင့်တင် ထားတာကြောင့် အသွင်သဏ္ဌာန်ရော၊ တင်ဆက်မှုကိုရော သိသိသာသာပြောင်းလဲလာတာ တွေ့ရပါတယ်။ ဒါကြောင့် အသုံးပြုသူတွေက မူလဝက်ဘ်ဆိုက်လိပ်စာအတိုင်း ရှာဖွေနိုင်သလို ဒီဇိုင်းပိုင်း အပြောင်းအလဲရှိပေမယ့် အသုံးပြုသူတွေအဖို့တော့ သုံးရတာအခက်အခဲမရှိတာကို တွေ့ရပါတယ်။

အဆင့်မြှင့်တင်လိုက်တဲ့အတွက် MOI ကို ပိုပြီး မြန်မြန်ဆန်ဆန် ဝင်ရောက်နိုင်သလို အချက်အလက် တွေကိုလည်းရယူတဲ့အခါ ပိုမိုလွယ်ကူလာတဲ့အပြင် full responsive design ဖြစ်တဲ့အတွက် ဖုန်းတွေနဲ့ကြည့်ရှုတဲ့ အခါမှာလည်း ပိုပြီးအဆင်ပြေပြေ ဝင်ရောက်ကြည့်ရှု နိုင်တဲ့ အားသာချက်ရှိလာတာကို သတိပြုမိပါတယ်။ ဒါတင်မကသေးဘူး၊ ဖုန်း၊ ကွန်ပျူတာမှာပါတဲ့ ဖောင့်နဲ့ အသုံးပြုနိုင်ပြီး ဘာဖောင့်မှမရှိရင်တောင် ဝက်ဘ်ဆိုက် ဖွင့်လိုက်တာနဲ့ ဖတ်ရှုနိုင်တာကလည်း အားသာချက် တစ်ခု ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ သမ္မတရုံး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနစတဲ့ ဝန်ကြီးဌာနအသီးသီးရဲ့ ဝက်ဘ်ဆိုက်တွေကနေ လွှင့်တင်တဲ့သတင်းတွေကိုလည်း MOI မှာ အချိန်နဲ့တစ်ပြေးညီ ဖတ်ရှုနိုင်သလို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နယ်ရုံးတွေမှာရှိတဲ့ မြို့နယ်သတင်းထောက်တွေ ရေးသားတဲ့သတင်းတွေ ကိုလည်း နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။ 

Online Media platform အနေနဲ့ website တစ်ခုတည်းမဟုတ်ပါဘူး၊ Myanmar Website ၊ English Website ၊ Facebook ၊ Blog ၊ Twitter ၊ Viber စသည်ဖြင့် ပလက်ဖောင်းမျိုးစုံ၊ social media မျိုးစုံကနေ ပြည်သူတွေအတွက် သတင်းသိရှိပိုင်ခွင့်ကို အရပေးအပ် နေတာကြောင့် ဗဟုသုတအပြင် လက်ရှိနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးအစရှိတဲ့ ကဏ္ဍအသီးသီးက ကိစ္စရပ်မျိုးစုံကို တစ်နေရာတည်းမှာ သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဥပဒေတွေ၊ ကြေညာချက်တွေ၊ အရေးပေါ်သတိပေး ချက်တွေ၊ ကျန်းမာရေးအသိပေးချက်တွေ စတာတွေကို ပြည်သူတွေသိအောင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အဓိက ဝက်ဘ်ဆိုက်အပြင် မြန်မာနိုင်ငံမှာ လူသုံးများပြီး ပြည်သူအကြား ပျံ့နှံ့လွယ်တဲ့ social media platform တွေကနေ သတင်းအချက်အလက်တွေ ထုတ်ပြန်ပေး နေတာလည်း ဖြစ်ပါတယ်။ MOI Webportal Myanmar ဆိုပြီး ဖေ့စ်ဘွတ်ကနေလည်း နေ့စဉ် သတင်းဦး၊ သတင်း ထူးတွေကို တင်ဆက်ပေးနေတာပါ။

အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်

ထုတ်လွှင့်မှုပိုင်းမှာ ရုံးချိန်အတွင်းရော ရုံးချိန် ပြင်ပပါ ၂၄ နာရီ တာဝန်ချထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနိုင်ဖို့ လိုအပ်တဲ့သင်တန်းတွေ၊ ဆင့်ပွားသင်တန်းတွေကိုလည်း ပို့ချပေးထားကာ သက်ဆိုင်ရာသတင်းထောက်တွေ နဲ့ သတင်းတည်းဖြတ်သူတွေလည်း အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်နေခြင်းဖြင့် သတင်းတွေနှောင့်နှေးမှုမရှိအောင် ကြိုးစားနေတယ်လို့လည်း သိရှိရပါ တယ်။

အခုလို ကိုဗစ်-၁၉ ရောဂါကို ကြံ့ကြံ့ခံအန်တု နေကြတဲ့ကာလမှာ အများပြည်သူတွေဟာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို သိရှိနိုင်ဖို့အတွက် အတော်လေး အရေးကြီးပါတယ်။ သတင်းအချက် အလက်တွေကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် အရောက်ပေးပို့နိုင်ဖို့အတွက် MOI ဝိုင်းတော်သားတွေ ကလည်း ကြိုးစားတင်ဆက်ပေးနေပါတယ်ဆိုတဲ့ အကြောင်းကို သတင်းကောင်းပါးရင်း ဝင်ရောက်ကြည့်ရှု ဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။ ။

ကေ-ဂျူဝယ်လ်