Skip to main content

အောင်ပွဲခံမည့် အားမာန်အပြည့်ဖြင့် အရှုံးမပေးစတမ်း ကြိုးပမ်းယှဉ်ပြိုင်

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အားကစားနည်းများအလိုက်ပြိုင်ပွဲများ ဒီဇင်ဘာ ၂ ရက်တွင် စတင်ယှဉ်ပြိုင်ကြပြီဖြစ်သည်။ အဖွင့်ပွဲစဉ်များသည် မြန်မာလူမျိုးတို့ အနှစ်သက်ဆုံးအားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ဖူဆယ်ပြိုင်ပွဲများဖြစ်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် အကြိတ်အနယ်ယှဉ်ပြိုင်သည့် ပွဲများလည်းဖြစ်သည်။ ဘောလုံးနှင့် ဘော်လီဘောတို့သည် တစ်ခေတ်တစ်ခါက မြန်မာအသင်းများ အောင်မြင်မှုမြင့်မြင့် မားမားရရှိခဲ့ဖူးသည့် အားကစားနည်းများဖြစ်ရာ အမျိုးသားအားကစားပွဲတော်မှ မျိုးဆက်သစ်များ ပေါ်ထွက်လာရန် မျှော်လင့်ကြရမည်ဖြစ်သည်။

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ရာ အဆိုပါရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်နိုင်မှသာ ငွေကြေးမြောက်မြားစွာ ကုန်ကျခံကျင်းပရကျိုးနပ်မည်ဖြစ်သည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့်၌ အားကစားသမား ၅၂၀၀ ကျော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်တွင် အားကစားသမား ၆၆၀၀ ကျော်၊ မသန်စွမ်းအားကစားသမား ၁၄၀ ကျော် စုစုပေါင်း အားကစားသမား ၁၂၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက်တွင်လည်းကောင်း၊ ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများတွင် တွေ့မြင်သိရှိကြရပြီးဖြစ်သည်။ ပြောင်းလဲတိုးတက်လာသည့် ခေတ်အလျောက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၏ ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများမှာ ပိုမို၍ခေတ်မီခမ်းနားထည်ဝါလှပပြီး ရွှင်လန်းတက်ကြွသည့်အားမာန်ကို ပိုမို၍ဖော်ကျူးနိုင်မည်ဖြစ်သည်။

ထို့အပြင် ယခုနှစ်ဆန်းပိုင်းကကျင်းပခဲ့သော “၂၀၂၃ ခုနှစ် အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနား” တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးဌာနအသီးသီးနှင့် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များအနေဖြင့် ဝန်ကြီးဌာနများနှင့်ပြည်နယ်၊ တိုင်းဒေသကြီးကိုယ်စားပြုအသင်းများကို ၂၀၂၄ ခုနှစ် အမျိုးသားအားကစားပွဲတော်ကြီးတွင် အဆင့်မီမီအင်ပြည့်အားပြည့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ် ဂျပန်နိုင်ငံတွင်ကျင်းပမည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံက ယှဉ်ပြိုင်နိုင်မည့် အားကစားနည်း အရေအတွက်သာမက အားကစားသမား အရေအတွက်ပါ အဆင့်မီမီတိုးမြှင့်ယှဉ်ပြိုင်နိုင်ရန်နှင့် ပိုမိုအောင်မြင်မှုရရှိစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့်ပူးပေါင်းပြီး လူရွေးချယ်ရေးစီမံချက်၊ လေ့ကျင့်ရေးစီမံချက်၊ အောင်နိုင်ရေးစီမံချက်များကို စနစ်တကျရေးဆွဲ၊ ကြိုတင်ပြင်ဆင်၊ စီမံဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းမှာကြားခဲ့သည်။

သို့ဖြစ်ရာ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သည် လာမည့်နှစ်များတွင် ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင်ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲတို့အတွက် ကြိုတင်ပြင်ဆင်သည့်ပွဲပင်ဖြစ်ပြီး စံချိန်ရလဒ်ကောင်းများဖြင့် အောင်ပွဲကိုဆွတ်ခူးနိုင်မည့် အားကစားသမားများမှာ နိုင်ငံတကာပြိုင်ပွဲများဆီသို့ ဆက်လက်တက်လှမ်းသွားနိုင်မည့် အခွင့်အလမ်းများရှိနေသည်။ တစ်နည်းအားဖြင့် အမျိုးသားအားကစားပွဲတော်သည် အရှေ့တောင်အာရှ၊ အာရှနှင့်ကမ္ဘာ့ပြိုင်ပွဲများဆီသို့ ရွှေရောင်လမ်းခရီး၏အစပင်ဖြစ်ရာ အားကစားသမားတိုင်း၊ အားကစားအသင်းအဖွဲ့တိုင်းက အောင်ပွဲခံမည့် အားမာန်အပြည့်ဖြင့် အရှုံးမပေးစတမ်း ကြိုးပမ်းယှဉ်ပြိုင်ကြရပါမည့်အကြောင်း။ ။