နိုင်ငံတော်၏အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီးမှာ ခမ်းနားလှပသည့် ပိတ်ပွဲအခမ်းအနားကြီးနှင့်အတူ အောင်မြင်စွာ ကျင်းပပြီးစီးသွားပြီဖြစ်သည်။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများ၊ ဒိုင်ဂျူရီများ စုစုပေါင်း ၁၀၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှ စံချိန်သစ်များနှင့်အတူ နိုင်ငံတကာအဆင့်ပြိုင်ပွဲများသို့ ဆက်လက်တက်လှမ်းယှဉ်ပြိုင်နိုင်မည့် အလားအလာကောင်းမွန်သော လူငယ်အားကစားမျိုးဆက်သစ်များလည်း ပေါ်ထွက်လာသည်ဟု သိရသည်။ ထို့အပြင် အမျိုးသားအားကစားပွဲတော်ကြီး၏ ရည်ရွယ်ချက်နှင့်အညီ ဤပွဲတော်ကြီးတွင် ဆုံစည်းကြရာ ယှဉ်ပြိုင်ခဲ့ကြရသည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားညီအစ်ကိုမောင်နှမများအကြား ချစ်ကြည်ရင်းနှီးမှုများမှတစ်ဆင့် အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်မှုကိုကြီးမားသည့် အထောက်အကူပြုနိုင်မည် ဖြစ်သည်။
မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ၊ အားကစားပွဲတော်ကြီးများကို နိုင်ငံတော်အဆင့်ဖြင့် အချိန်မှန်မှန်၊ မပျက်မကွက်ကျင်းပခြင်းသည် နိုင်ငံအတွက်အရေးပါသည့် လုပ်ငန်းစဉ်များပင်ဖြစ်သည်။ နိုင်ငံတွင် အခြေအနေပေးသည်နှင့်အမျှ အမျိုးသားအဆင့် အခြားပွဲတော်များကို အနှစ်သာရပြည့်ဝစွာ နိုင်ငံတော်က ကျင်းပပေးခြင်းအားဖြင့် တိုင်းချစ်ပြည်ချစ်စိတ်၊ မှန်ကန်သည့် မျိုးချစ်စိတ်တို့ ရှင်သန်ထက်မြက်စေနိုင်မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အားကစားကဏ္ဍမြင့်မားခြင်းသည် ယင်းနိုင်ငံ၏ပုံရိပ်ကို မြှင့်တင်နိုင်ခြင်းဖြစ်သည့်အလျောက် အားကစားနည်းများအလိုက် အောင်မြင်မှုမြင့်မြင့်မားမားရရှိစေရန် ကြိုးပမ်းအားထုတ်ကြဖို့လိုသည်။
လူငယ်မျိုးဆက်သစ် အားကစားသမားများအနေဖြင့် တစ်ခေတ်တစ်ခါက အားကစားဖြင့် နိုင်ငံ့ပုံရိပ်ကို မြင့်မားစေခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ကြိုးပမ်းအားထုတ်မှုတို့ကို စံနမူနာယူကာ မိမိတို့ခေတ်တွင်လည်း တာဝန်ကျေပွန်ကြရန်လိုသည်။ အားကစားသမားတစ်ဦးချင်းစီတိုင်းက မိမိတို့၏စွမ်းဆောင်ရည်များ တစ်နေ့ထက်တစ်နေ့ မြင့်သည်ထက်မြင့်မားစေရန် စိတ်ဆန္ဒထက်ထက်သန်သန်၊ ဇွဲလုံ့လဝီရိယ ကြီးကြီးမားမားဖြင့် လေ့ကျင့်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ မိမိ၏ အားကစားအောင်မြင်မှုသည် မိမိတစ်ဦးတစ်ယောက်အတွက်သာမက နိုင်ငံအတွက်ပါ ဂုဏ်သိက္ခာ မြင့်မားစေမည်ဖြစ်ရာ မိမိတို့ခေတ်၏ အောင်ပွဲရ အားကစားသမားအဖြစ် နိုင်ငံကို အလုပ်အကျွေးပြုကြစေလိုသည်။
အားကစားသမားများ၏ လေ့ကျင့်မှု၊ ကြိုးပမ်းအားထုတ်မှုများအတွက် မှတ်ကျောက်တင်ကြရမည့်နေရာများမှာ အားကစားပြိုင်ပွဲများပင်ဖြစ်ရာ ရပ်ကွက်/ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ် စသည်ဖြင့် အားကစားပြိုင်ပွဲ အဆင့်ဆင့်တို့ကို စဉ်ဆက်မပြတ် ကျင်းပပေးရန်နှင့် လူငယ်တို့၏ အားကစားလှုပ်ရှားမှုများကို ဝိုင်းဝန်းအားပေးကြရန်လိုသည်။ အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပပြီးစီးသွားခြင်းသည် ပွဲပြီးမီးသေပြီးဆုံးသွားခြင်းမဟုတ်ဘဲ နောက်လာမည့်ပြိုင်ပွဲများအတွက် အစသာဖြစ်သည်ဟုခံယူကာ အားကစားလှုပ်ရှားမှုများ စဉ်ဆက်မပြတ် တက်ကြွရှင်သန်နေစေရေး အလေးထားဆောင်ရွက်ပေးကြရပါမည့်အကြောင်း။ ။