Skip to main content

နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမြင့်မားရေးတွင် စိုက်ပျိုးပညာစွမ်းပကားဖြင့် ဝိုင်းဝန်းမြှင့်တင်

မြန်မာနိုင်ငံလူဦးရေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ကျေးလက်တွင် နေထိုင်ကြသည့်အနက် ၄၅ ရာခိုင်နှုန်းခန့်က စိုက်ပျိုးရေးကို တိုက်ရိုက်လုပ်ကိုင် အသက်မွေးဝမ်းကျောင်းကြခြင်းဖြစ်ပြီး အခြားကျေးလက်နေပြည်သူများမှာမူ စိုက်ပျိုးရေးကိုအခြေခံသည့် အခြားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြခြင်းဖြစ်ရာ စိုက်ပျိုးရေးနှင့် တစ်နည်းတစ်ဖုံပတ်သက်နေသည်။ သို့ဖြစ်သည့်အလျောက် မြန်မာနိုင်ငံသားအများစုမှာ စိုက်ပျိုးရေးဖြင့်အဓိက အသက်မွေးနေကြခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

ယနေ့ကမ္ဘာတွင် စားနပ်ရိက္ခာဖူလုံရေးအတွက် လိုအပ်ချက်များရှိနေရာ ယင်းလိုအပ်ချက်ကို မိမိတို့နိုင်ငံကဲ့သို့ စိုက်ပျိုးမွေးမြူရေး အခြေခံနိုင်ငံများကသာ ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်သည်။ မိမိတို့နိုင်ငံတွင် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများအပါအဝင် သီးနှံအမျိုးပေါင်း ၆၁ မျိုး၊ စုစုပေါင်းသီးနှံစိုက်ဧရိယာဧက ၄၉ ဒသမ ၃၉ သန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ရော်ဘာ၊ ကော်ဖီ၊ ဆီအုန်းစသည့်နှစ်ရှည်ပင်များ စိုက်ပျိုးမှုများလည်းရှိသည်။ မိမိတို့နိုင်ငံ၏ သီးထပ်စွမ်းအားမှာ ၁၅၀ ရာခိုင်နှုန်းကျော်မျှသာရှိရာ သီးထပ်စွမ်းအား တိုးတက်ရေးဆောင်ရွက်ရန် လိုအပ်လျက်ရှိနေသေးသည်။ မိုးစပါး စိုက်ဧက ၁၅ သန်းခန့်ရှိရာတွင် ခြောက်သန်းကျော်သာ သီးထပ်စိုက်ပျိုးခြင်း၊ သီးထပ်စိုက်ပျိုးခြင်းမရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရေသယံဇာတလုံလောက်စွာရှိသော်လည်း စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်မှုမရှိခြင်းတို့က စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရာတွင် အားနည်းချက်များကိုဖြစ်ပေါ်စေသည်။ စိုက်ပျိုးရေရရှိရေး ကြိုးပမ်းဆောင်ရွက်ပြီး စိုက်ပျိုးမြေများကို အကျိုးရှိစွာအသုံးချခြင်းအားဖြင့် စားနပ်ရိက္ခာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေမည်ဖြစ်သည်။

စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်စိုက်ပျိုး ထုတ်လုပ်နိုင်ရန်အတွက် မျိုးကောင်းမျိုးသန့်များလိုအပ်သကဲ့သို့ ခေတ်မီစိုက်နည်းစနစ်များလည်း လိုအပ်သည်။ ယင်းအတွက် သုတေသနလုပ်ငန်းများ မဖြစ်မနေဆောင်ရွက်ရန်လိုအပ်ပြီး အထွက်ကောင်းမျိုးစေ့များဖြန့်ဝေမှု၊ ခေတ်မီစိုက်နည်းစနစ်များ ဖြန့်ဝေမှုတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လည်း လိုအပ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ရာတွင် အရေးပါသည့်အချက်တစ်ရပ်မှာ လူသားအရင်းအမြစ်ပင်ဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ထက်ဝက်ကျော်တို့ တိုက်ရိုက်သော်လည်းကောင်း၊ ဆက်စပ်၍သော်လည်းကောင်း အသက်မွေးဝမ်းကျောင်းပြုနေကြသည့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်တို့လည်း လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာမည်ဖြစ်ရာ စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်သည့်လူသားအရင်းအမြစ်ကိုလည်း မဖြစ်မနေပြုစုပျိုးထောင်မွေးထုတ်ပေးနေရခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွက် လိုအပ်သည့်စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးကောလိပ်နှင့် သုတေသနဗိမာန်ကို ၁၉၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် မန္တလေးမြို့၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၁၀၀ တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ စိုက်ပျိုးရေးပညာသင်ကြားမှု နှစ် ၁၀၀ အတွင်း ပညာရှင်ပေါင်းသောင်းနှင့်ချီ၍လည်း မွေးထုတ်ပေးထားခဲ့ပြီးဖြစ်သည်။ တိုးတက်ပြောင်းလဲလာသည့် စိုက်ပျိုးရေးပညာများကို ခေတ်နှင့်အညီရင်ပေါင်တန်းလိုက်ပါနိုင်ရန် သင်ကြားမှုနှင့်သုတေသနတို့ကို နိုင်ငံတကာရှိ တက္ကသိုလ်များအဆင့်နှင့်ကိုက်ညီအောင် ပြုပြင်မွမ်းမံသင်ကြားပေးနေခြင်းဖြစ်ရာ ထွက်ပေါ်လာသည့် လူသားအရင်းအမြစ်များ၊ စိုက်ပျိုးရေးပညာရှင်များ၏စွမ်းပကားကို နိုင်ငံ၏စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ မြင့်မားအောင်မြှင့်တင်ရာတွင် အကျိုးရှိထိရောက်စွာအသုံးချနိုင်ရန်လိုသည်။

လက်ရှိမိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမှာ သီးနှံအမယ်ချင်းအလိုက်၊ စိုက်ပျိုးမြေတစ်ယူနစ်ချင်းအလိုက်၊ စိုက်ပျိုးထုတ်လုပ်သူတစ်ဦးချင်းအလိုက် နှိုင်းယှဉ်မှုများတွင် ဒေသတွင်းနိုင်ငံများအနက် နိမ့်ကျသည့်အနေအထား၌ရှိနေရာ နိုင်ငံ့စီးပွားမြင့်မားရေးအတွက် စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေးတွင် စိုက်ပျိုးရေးပညာရှင်များ၏ စွမ်းပကားဖြင့် အားသွန်ခွန်စိုက် ပါဝင်ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။