Skip to main content

မင်္ဂလာအပေါင်းခညောင်းသည့် ခရစ္စမတ်ချိန်ခါ

နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်သည် ခရစ်ယာန်ဘာသာဝင်များ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်၊ ယေရှုခရစ်တော်ဖွားမြင်သည့် အထိမ်းအမှတ်ဖြစ်သော ခရစ္စမတ်နေ့ဖြစ်သည်။ ခရစ္စမတ်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်သည်ပင်ခရစ်(Christ)သည် ခရစ်တော်၏ အမည်နာမဖြစ်ပြီး မတ်စ် (Mas) မှာ လူအများစုဝေးသည့်ပွဲတော်ကို ဆိုခြင်းဖြစ်သည်။

ခရစ္စမတ်ပွဲကျင်းပရာ အချိန်ကာလသည် ကမ္ဘာ့မြောက်ခြမ်းတွင် နေ့တာအတိုဆုံးကာလဖြစ်ပြီး ဆောင်းရာသီနှင့်အတူ ချမ်းအေးသည့်အချိန်အခါ၊ မကြာမီနှစ်သစ်ကူးပြောင်းတော့မည့် အခါသမယလည်းဖြစ်သည်။ ခရစ္စမတ်ပွဲတော်ကာလ ဘုရားကျောင်းများ၊ နေအိမ်များကို ပြင်ဆင်ခြယ်သကြရာတွင် ကြယ်ဖြူကြီးတစ်စင်း၊ ဒီဇင်ဘာတွင်ပွင့်သည့် ပွိုင်ဆက်တီယာ (Poinsettia)ပန်းများနှင့်အတူ အနီရောင်၊ အစိမ်းရောင်၊ ရွှေရောင်တို့ အဓိကဖုံးလွှမ်းနေသည်ကို တွေ့မြင်ခံစားနိုင်သည်။ အနီရောင်သည် ယေရှုခရစ်၏သွေးတော်ကို ကိုယ်စားပြု၍၊ အစိမ်းရောင်သည် ယေရှုခရစ်တော်ထာဝရရှင်သန်ခြင်းကို ကိုယ်စားပြုကာ၊ ရွှေရောင်ကမူတော်ဝင်ခြင်း၊ မြင့်မြတ်ခြင်းကို ကိုယ်စားပြုခြင်းပင်ဖြစ်သည်။ လူသားဇာတိကို ခံယူခဲ့သောခရစ်တော်၏ ဂုဏ်ကျေးဇူးတော်ကို ချီးမြှောက်ကာ ခရစ္စမတ်သီချင်းများသီဆိုခြင်း၊ ဘာသာရေးအနှစ်သာရပြည့်ဝသည့် အခမ်းအနားများကျင်းပခြင်း၊ ပျော်ပွဲရွှင်ပွဲများ၊ စားသောက်ပွဲများကျင်းပခြင်း၊ မိသားစုဝင်များ၊ ဆွေမျိုးမိတ်သင်္ဂဟများတွေ့ဆုံခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းအားဖြင့် ဤကာလသည် ပျော်ရွှင်ချမ်းမြေ့ခြင်း၊ ဝမ်းမြောက်ကြည်နူးခြင်း၊ ငြိမ်းချမ်းသာယာခြင်းတို့နှင့် ပြည့်စုံကာ မင်္ဂလာအပေါင်း ခညောင်းသည့် အချိန်အခါပင်ဖြစ်သည်။

“ဘာသာတရားဟူသည်မှာ လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစေရေးအတွက် အဆုံးအမတစ်ခုပင်ဖြစ်သည်ဟု မိမိယုံကြည်ပါကြောင်း၊ အသိတရားတစ်ခုလည်းဖြစ်ပြီး ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးရမည်ဖြစ်ကြောင်း၊ လူသားတို့၏အတွင်းစိတ်သန္တာန်အေးချမ်းမှသာ လူမှုဝန်းကျင်တစ်ခုလုံး ငြိမ်းအေးမှုအရသာကို ခံစားကြရမည်ဖြစ်ကြောင်း၊ ကိုးကွယ်သည့်ဘာသာတရားများ မတူကွဲပြားသော်လည်း လူအချင်းချင်းကြားတွင် မေတ္တာတရားများ ဖုံးလွှမ်းနေရေးအတွက် ဘာသာတရားများ၏ အခြေခံဖြစ်သည့်သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတို့ကို လိုက်နာရမည်ဖြစ်သကဲ့သို့ အစွန်းရောက်ခြင်း၊ တစ်ယူသန်ခြင်းတို့ကိုလည်း ရှောင်ကြဉ်ကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများ ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်၍ ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ မိမိတို့နိုင်ငံသည် ဘာသာရေးလွတ်လပ်ခွင့်ရှိသည့် နိုင်ငံဖြစ်ပြီး လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ သဟဇာတဖြစ်စွာ အတူယှဉ်တွဲစုစည်းနေထိုင်ကြသည့် နိုင်ငံလည်းဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုတွင်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ကာကွယ်ရေးတို့တွင်လည်းကောင်း၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ ပါဝင်ခဲ့ကြသည်ကိုလည်း ထင်ရှားစွာတွေ့နိုင်သည်။

ယနေ့ကာလတွင် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့မှာ ခက်ခဲသည့်ကာလတစ်ရပ်ကို ဖြတ်သန်းနေကြရပြီး အမိမြေပေါ်တွင် အတူတကွနေထိုင်ကြသည့် လူမျိုးတစ်မျိုးနှင့်တစ်မျိုးကြား၊ ကိုးကွယ်သည့်ဘာသာတစ်ခုနှင့်တစ်ခုအကြား အထင်အမြင်လွဲမှားမှုများဖြစ်လာစေရန်၊ မုန်းတီးလာစေရန်၊ ဆန့်ကျင်လာစေရန် ပြည်တွင်းပြည်ပ မသမာသူတို့၏ လုပ်ကြံဖန်တီးမှုများကို တွေ့ရှိနေရသည်။ ဘာသာ၊ သာသနာတော်တို့၏ အဆုံးအမများသည် လူတစ်ဦးချင်း၏ စိတ်နှလုံးဖြူစင်သန့်ရှင်းရေး၊ လူ့လောကကြီးနှင့် လူသားတို့၏အကျိုးကိုဆောင်ရေးနှင့် ဒုစရိုက်မှုများမှ ရှောင်ကြဉ်ရေးဖြစ်ပြီး လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးပင်ဖြစ်ရာ မတူကွဲပြားသည့် ဘာသာတရားများ၏ ဘုံတူညီချက်များနှင့် အတူတကွချစ်ခင်ရင်းနှီးစွာ၊ စည်းလုံးညီညွတ်စွာ လောကပါလတရားများနှင့်အညီ နေထိုင်သွားကြရန်ဟူ၍ ခရစ္စမတ်အခါသမယတွင် မေတ္တာနှင်းအပ်ပို့သလိုက်ရပါကြောင်း။ ။