လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေဟုသော်လည်းကောင်း သတ်မှတ်သည့်မြေများကိုဆိုသည်ဟု လယ်ယာမြေဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရရှိကြရာတွင် လယ်သမားများ၊ ယာသမားများ၊ ကိုင်းသမားများ၊ ခြံသမားများ၊ တောင်သူများမှာ လယ်ယာမြေများကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေလုပ်ပိုင်ခွင့်၊ ယင်းသို့လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်ကို ခံစားပိုင်ခွင့်တို့အပြင် လယ်ယာမြေအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်သော လုပ်ပိုင်ခွင့်အား သတ်မှတ်ထား သောစည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်ဟူသော အခွင့်အရေးများကိုလည်း ရရှိကြသည်။
နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်ပြီး နိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လယ်ယာမြေကို လက်ဝယ်ထားရှိ စိုက်ပျိုးလုပ်ကိုင်အသုံးချခွင့်ပြုထားခြင်းဖြစ်ရာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် မိမိလုပ်ပိုင်ခွင့်ရသည့်မြေမှ ရွှေထွက်သည်၊ ကျောက်စိမ်းထွက်သည်ဟုဆိုလျှင်ပင် တူးဖော်ခွင့်မရှိ။ ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေးကမ်းကြရာတွင်လည်း ဤမြေပေါ်တွင် လုပ်ပိုင်ခွင့်ကိုသာဖြစ်ပြီး သတ်မှတ်အခွန်အခများ ပေးဆောင်ခြင်းနှင့် သက်ဆိုင်ရာဦးစီးဌာန၌ မှတ်ပုံတင်ခြင်းတို့ ပြုလုပ်ကြရမည်ဖြစ်သည်။ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ လိုက်နာရမည့်စည်းကမ်းချက်များတွင် လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရန်၊ လယ်ယာမြေကို မူလစိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရန်၊ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်းမပြုရန်ဟူသော စည်းကမ်းချက်များ ပါရှိနေရာ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ထိခိုက်ခြင်းမဖြစ်စေရန် ရည်ရွယ်ခြင်း ပင် ဖြစ်သည်။
သို့ရာတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းရှိ လယ်ယာမြေများပေါ်တွင် အခြားနည်းသုံးစွဲမှုများ များပြားလာလျက်ရှိသည်ကို တွေ့ရှိနေရသည်။ ကျေးလက်လမ်းများ ကောင်းမွန်ရေးအတွက် နိုင်ငံတော်ကဆောင်ရွက်ပေးလျက်ရှိရာ လမ်းဘေးဝဲယာရှိ စိုက်ပျိုးမြေများပေါ်တွင် မြေများဖို့၍ လူနေအိမ်များ၊ ဈေးဆိုင်များ၊ အခြားအဆောက် အအုံများ ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးများခတ်၍ စိတ်ပိုင်းကာ ထပ်ဆင့်ရောင်းချခြင်းတို့ကို ဥပဒေမျက်ကွယ်ပြု ကျူးလွန်နေကြခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိသူများက အမြန်ဆုံးတားဆီးအရေးယူဆောင်ရွက်ကြရန် လိုအပ်သည်။ နှောင့်နှေးကြန့်ကြာသည်နှင့်အမျှ အပ်နှင့်ထွင်းရမည့်နေရာတွင် ပုဆိန်နှင့် ပေါက်ရသည့်အဖြစ်မျိုး ခက်ခဲသည့်အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ စိုက်ပျိုးမြေများကို အခြားနည်းအသုံးချသည့်ကိစ္စများမှာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များမှ တာဝန်ရှိသူများ၏ မျက်မှောက်တွင် ထင်သာမြင်သာဖြစ်ပေါ်နေခြင်းဖြစ်ရာ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟတို့ကင်းစွာဖြင့် အချိန်မလင့်မီ တာဝန်ကျေပွန်ကြရန်လိုသည်။
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးအပေါ်တွင် အခြေပြုထားသည့် စီးပွားရေးဖြင့် ရပ်တည်နေရသည့်နိုင်ငံဖြစ်ပြီး စက်မှုနိုင်ငံ၊ နည်းပညာနိုင်ငံအဖြစ် မတက်လှမ်းနိုင်သေးသရွေ့ စိုက်မြေ၊ ပျိုးမြေ၊ လယ်ယာမြေများကို တန်ဖိုးထားကြရမည်ဖြစ်သည်။ မြေရှိတိုင်း စိုက်ပျိုးနိုင်သည် မဟုတ်သည့်အလျောက် စိုက်ပျိုးမြေဟူသည် အကန့်အသတ်နှင့်သာရှိနေသော အဖိုးတန်သယံဇာတ ဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် တိုးတက်လာနေသော လူဦးရေတို့ကို ကျွေးမွေးနိုင်ရန် ရှိရင်းစွဲစိုက်ပျိုးမြေတို့ ယုတ်လျော့မသွားစေဖို့ နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်။ သို့ဖြစ်သည့် အလျောက် လယ်ယာမြေများကို အခြားနည်းများဖြင့် သုံးစွဲနေမှုများ၊ ခွဲခြမ်းစိတ်ပိုင်း ရောင်းချနေမှုများအားလုံးကို ဥပဒေနှင့်အညီအညွတ်ဖြစ်စေရေး မနှေးအမြန် ထိရောက်စွာဆောင်ရွက်ကြရပါမည့်အကြောင်း။ ။