Skip to main content

အမျိုးသားရေးဦးတည်ချက်များနှင့်အညီ လွတ်လပ်ရေးကိုထိန်းသိမ်းစောင့်ရှောက်

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ်သို့ရောက်ရှိခဲ့သည်။ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိပြီး နှစ်ပေါင်း (၇၇) နှစ်ပြည့်မြောက်ပြီဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော်ကြာပြီဖြစ်သော မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသလို လွတ်လပ်ရေးနှင့်ထိုက်တန်သည့် တန်းတူညီမျှအခွင့်အရေးများရရှိစေရန် ခေတ်အဆက်ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

လွတ်လပ်ရေးနှင့်ထိုက်တန်သည့်အခွင့်အရေးများ နိုင်ငံသူ၊ နိုင်ငံသားများ ခံစားရရှိနိုင်ရေးနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်တွင် ထင်ဟပ်ပေါ်လွင်စွာတွေ့မြင်နိုင်သည်။ ပထမအမျိုးသားရေးဦးတည်ချက်ဖြစ်သည့် “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရေး အချက်သည် နိုင်ငံတော်က အလေးထားဆောင်ရွက်လျက်ရှိသည့် အရေးအကြီးဆုံးအချက်အဖြစ်ရှုမြင်နိုင်သည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပေါ်လျက်ရှိသော လက်နက်ကိုင် ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများသည် တိုင်းရင်းသားလူမျိုးအချင်းချင်းကြားတွင် ဖြစ်ပေါ်နေသည့်ပြဿနာများဖြစ်၍ ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေသည်ကိုတွေ့မြင်နိုင်သည်။ လက်နက်ကိုင်ပဋိပက္ခများကို ထိရောက်စွာမဖြေရှင်းနိုင်လျှင်သော်လည်းကောင်း၊ ပြဋ္ဌာန်းချမှတ်ထားသော ဥပဒေစည်းမျဉ်းများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်း မရှိလျှင်သော်လည်းကောင်း၊ ပြည်ထောင်စုကြီးအတွက် အရေး (၃) ချက်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကိုထိခိုက်စေကာ တိုင်းပြည်ပြိုကွဲပျက်စီးနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။

အမျိုးသားရေးဦးတည်ချက် ဒုတိယအချက်ဖြစ်သည့် “နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ထိန်းသိမ်းရေး ကို အလေးအနက်ထားဆောင်ရွက်ကြမှသာ ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။ တတိယအချက်ဖြစ်သည့် “စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာစေရေးအတွက် တရားမျှတသော၊ သိက္ခာရှိသော၊ နည်းလမ်းကျနမှန်ကန်မှုရှိသော အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ထိုအချက်သည် နိုင်ငံသားအားလုံး၏ဆန္ဒအမှန်ဖြစ်၍ အောင်မြင်ပြီးမြောက်စေရန် အားလုံးပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

စတုတ္ထအမျိုးသားရေးဦးတည်ချက်ဖြစ်သည့် “ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူလူထုတစ်ရပ်လုံး၏ ‘စုပေါင်းအား ဖြင့်ဆောင်ရွက်ရေးကို အားလုံးအသိစိတ်ဓာတ်ဖြင့် လက်တွဲဆောင်ရွက်ကြမှသာလျှင် ရည်မှန်းထားသည့်အတိုင်း အကောင်အထည်ပေါ်လာပြီး ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်လာကာ တိုင်းပြည်အေးချမ်းသာယာဝပြောမည်ဖြစ်သည်။ ပဉ္စမအမျိုးသားရေးဦးတည်ချက်ဖြစ်သည့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အမျိုးသားရေးစရိုက်လက္ခာနှင့် အမျိုးသားစိတ်ဓာတ်မြှင့်တင်ရေးတို့အတွက် ခိုင်မာသည့် ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဖော်ဆောင် ရေးအချက်ကို အကောင်အထည်ပေါ်စေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမျိုးသားရေးအားမာန် တက်ကြွရှင်သန်နိုးကြားစေမည့် လှုပ်ရှားဆောင်ရွက်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။

အမျိုးသားစိတ်ဓာတ်၊ အမျိုးသားအားမာန်များသည် နိုင်ငံတိုင်းနိုင်ငံတိုင်းရှိ နိုင်ငံသူနိုင်ငံသားများ၏နှလုံးသားတွင် အစဉ်အမြဲကိန်းအောင်းရှင်သန်နေရမည့် အရေးကြီးသော စိတ်ဓာတ်ဖြစ်သည်။ အမျိုးသားစိတ်ဓာတ်၊ အမျိုးသားအားမာန်များ ထက်သန်ခိုင်ကျည်မြင့်မားသောနိုင်ငံများသည် အင်အားတောင့်တင်းခိုင်မာ၍ ထည်ဝါစွာရပ်တည်နေထိုင်နိုင်ကြသည်ကို တွေ့ရမည်ဖြစ်သည်။ စည်းလုံးညီညွတ်မှုခွန်အားကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်နေသည်ကို မြင်တွေ့နိုင်သည်။ အမျိုးသားစိတ်ဓာတ်၊ အမျိုးသားအားမာန်များလျော့နည်းပြီး စည်းလုံးညီညွတ်မှုပျက်ပြားနေသောနိုင်ငံများတွင် နိုင်ငံပြိုကွဲပျက်စီးမည့်အခြေအနေများနှင့် ရင်ဆိုင်နေရသည်ကိုတွေ့ရမည်ဖြစ်သည်။

သို့ဖြစ်ရာ မိမိတို့၏တိုင်းပြည်နှင့်လူမျိုး ကောင်းစွာရှင်သန်ရပ်တည်နေရန်အတွက် အမျိုးသားစွမ်းအားများကို အမြဲမြှင့်တင်နေကြရမည်ဖြစ်သည်။ ထိုသို့မမြှင့်တင်နိုင်လျှင် နိုင်ငံ၏အချုပ်အခြာအာဏာ လျော့ပါးအားနည်းလာပြီး သူတစ်ပါးလက်ဝေခံဘဝသို့ ကျရောက်သွားနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ လွတ်လပ်သောနိုင်ငံ သူတစ်ပါးလက်အောက်မရောက်စေရန် နိုင်ငံသူ၊ နိုင်ငံသားအားလုံး စည်းလုံးညီညွတ်ကြရမည်ဖြစ်သည်။ တိုင်းချစ်ပြည်ချစ်စိတ်၊ ဇွဲ၊ လုံ့လ၊ သတ္တိများဖြင့် ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန် အမျိုးသားအားမာန်ဖြင့် ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။      ။