Skip to main content

အဇ္ဈတ္တတွင် ရှာဖွေကြရမည့်အရာ

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများ၏ သရုပ်သကန်အမှန်များကို မကြာသေးမီကာလများအတွင်း မိမိတို့ရှင်းရှင်းလင်းလင်း တွေ့မြင်ကြရပြီးဖြစ်သည်။ နိုင်ငံတော်နှင့် နိုင်ငံတော်၏ တစ်ခုတည်းသော အင်စတီကျူးရှင်းဖြစ်သည့် တပ်မတော်ကို ဆန့်ကျင်ပုန်ကန်တိုက်ခိုက်နေကြသည့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များမှာ ၎င်းတို့၏သရုပ်မှန်ကို ဖုံးကွယ်ရန်အတွက် မည်သို့ပင် အသံကောင်းဟစ်အော်ကြွေးကြော်နေစေကာမူ လက်တွေ့တွင်မူ မှားယွင်းသောအမြင်မှ ဖြစ်ပေါ်လာသည့် ကျဉ်းမြောင်းသော လူမျိုးရေးဝါဒကို စွဲကိုင်ထားကြသူများသာဖြစ်သည်။ အချို့ဆိုလျှင် လူမျိုးရေးဝါဒကို ဟန်ဆောင်ဆွဲကိုင်ထားခြင်းမျှသာဖြစ်ပြီး တကယ့်အမှန်တရားမှာ ခေါင်းဆောင်ပိုင်း၏ အာဏာနှင့် ကြွယ်ဝချမ်းသာမှုက အဓိကဖြစ်သည်ကို တွေ့မြင်နိုင်သည်။

နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့များသည် နိုင်ငံရေးပြဿနာကို အမှန်တကယ်အခြေခံပါက နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း၍ လက်ရှိနိုင်ငံတော်အစိုးရက ကမ်းလှမ်းဖိတ်ခေါ်လျက်ရှိရာ နိုင်ငံနှင့်ပြည်သူကို ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့်နည်းလမ်းကို စွန့်လွှတ်ကြရန်လိုသည်။ လက်နက်ကိုင်အကြမ်းဖက်တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည်မဟုတ်ကြောင်း အစိုးရက အတိအလင်းကြေညာထားပြီးဖြစ်ရာ ပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသည့် မြို့ပြဒေသများကို အင်အားဖြင့်ထိန်းချုပ်ပြီး ပြန်ပေးဆွဲမှုဆန်ဆန် အပေးအယူပြုလုပ်ရန် ကြိုးပမ်းခြင်းမျိုး၊ လူမျိုးရေးမုန်းတီးမှုကို လှုံ့ဆော်ကာ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုတွင် သွေးကွဲရန် ပြုလုပ်ခြင်းမျိုးတို့က ပျက်စီးဆုံးရှုံးမှုများနှင့် အနိဋ္ဌာရုံများကို ဖန်တီးခြင်းသက်သက်သာဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပရန်ဖြစ်သည်ဟု အတိအလင်း ထုတ်ဖော်ပြောကြားထားပြီးဖြစ်ရာ လက်ရှိအစိုးရသည် နိုင်ငံတော်တာဝန်ကို သို့မဟုတ် နိုင်ငံတော်အာဏာကို ကာလရှည်ကြာ ရယူထားမည်မဟုတ်ကြောင်း ရှင်းလင်းစွာ အသိပေးထားခြင်းဖြစ်သည်။ လက်တွေ့အားဖြင့်လည်း အန္တိမရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပြီး တိကျမှန်ကန်သည့် အတည်ပြုလူဦးရေ စာရင်းရရှိရန် ဆက်လက်ပြုစု၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းပြုစုနိုင်ရေး ပေးပို့သွားရန်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရသည် စည်းစနစ်ကျနသည့်၊ တရားမျှတပြီး သိက္ခာရှိသည့် အထွေထွေရွေးကောက်ပွဲဖြစ်စေရေးနှင့် ရွေးကောက်ပွဲမှထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုထားရာ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြရန်လိုသည်။

လက်ရှိကာလ မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်နေသည့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများမှာ နိုင်ငံလွတ်လပ်ရေးရပြီး မရှေးမနှောင်းတွင် စတင်ပေါ်ပေါက်ခဲ့သည့် ရောင်စုံသောင်းကျန်း မှုများအပြီး ဆယ်စုနှစ်များခြား၍ ဖြစ်ပေါ်လာသည့် ဒုတိယအကြိမ် ရောင်စုံသောင်းကျန်းမှုများပင်ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ အာဃာတများဖုံးလွှမ်းကာ တိုင်းပြည်ငယ်ငယ် ဂျင်ဂလယ်ကလေးကို တစ်စစီစိတ်ပိုင်း၍ အမုန်းတရားဖြင့်ကျောခိုင်းကြပြီး ထာဝရစစ်မီးမွှေးကြမည့် စိတ်ရိုင်း၊ စိတ်ဆိုး၊ စိတ်ယုတ်မျိုးကို ခဝါချကြရန်လိုသည်။ စင်စစ်ငြိမ်းချမ်းရေးအပါအဝင် နိုင်ငံရေးပြဿနာဟုဆိုနေကြသည့် အရေးကိစ္စအားလုံးတို့မှာ အဝေးတွင် ဖွေရှာကြရမည့်အရာများမဟုတ်ဘဲ မိမိတို့၏ အဇ္ဈတ္တတွင်သာ ရှာဖွေကြရမည့်အရာများဖြစ်သည်ဟု ယုံကြည်သည်။ ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးကြောင့်ဖြစ်ပေါ်လာမည့် ကောင်းမွန်သောအကျိုးဆက်များမှာ မိမိတို့ မြန်မာနိုင်ငံ တစ်ဝန်းမှပြည်သူများ ခေတ်အဆက်ဆက်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် တောင့်တခဲ့ကြသည့်ဆန္ဒပင်ဖြစ်ရာ နိုင်ငံနှင့်ပြည်သူတို့အတွက် ငြိမ်းချမ်းရေးကို ဖန်တီးပေးနိုင်စွမ်းရှိသူအားလုံးက မွန်မြတ်သည့်စိတ်ထား၊ နှလုံးသားတို့ဖြင့် ဖန်တီးပေးနိုင်ကြပါစေကြောင်း။        ။