Skip to main content

ဆောင်းရာသီကာလ သတိပြုရမည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Human Metapneumovirus (HMPV) ခေါ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးကူးစက်ဖြစ်ပွားမှုများနှင့်ပတ်သက်၍ နိုင်ငံတကာသတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလျက်ရှိရာ မိမိတို့၏အိမ်နီးချင်းနိုင်ငံအချို့တွင် အဆိုပါရောဂါကူးစက်ပျံ့နှံ့မှု မြင့်တက်လျက်ရှိကြောင်းလည်း သတင်းများတွင်တွေ့ရသည်။ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက် အကြောက်မပြေသေးခင် HMPV ထွက်ပေါ်လာခြင်းနှင့် ၎င်းစတင်သည့်နေရာသည် တရုတ်နိုင်ငံဖြစ်ခြင်းတို့က ကမ္ဘာ့သတင်းမီဒီယာများအတွက် ရေးကွက်ဖြစ်နေပြီး သာသာထိုးထိုး သတင်းတင်ပြပုံမျိုးကလည်း စိုးရိမ်ဖွယ်ရာကို ဖြစ်စေတတ်သည်။

HMPV ဗိုင်းရပ်စ်သည် ယခုမှ ထွက်ပေါ်လာသည့် ဗိုင်းရပ်စ် အသစ်မဟုတ်ဘဲ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်ကပင် အနောက်ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သည့် နယ်သာလန်နိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ရောဂါပိုး၊ ကမ္ဘာ့နိုင်ငံများစွာတို့တွင် နှစ်စဉ်ဆောင်းရာသီရောက်တိုင်း ကူးစက်မှုများပြားသည့် ရောဂါပိုး၊ မြန်မာနိုင်ငံနှင့်လည်း မစိမ်းဘဲ ၂၀၁၄ ခုနှစ်ကတည်းကပင် သုတေသန့ပြုစစ်ဆေးတွေ့ရှိထားပြီးဖြစ်သည့် ရောဂါပိုးဖြစ်သည်ဟုသိရသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း HMPV ကူးစက်ဖြစ်ပွားမှုများပြားနေကြောင်း နိုင်ငံတကာမီဒီယာများက ဖော်ပြနေကြသည့်တိုင် တရုတ်နိုင်ငံ၏ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနမှ သတင်းအချက်အလက်များအရ နှစ်စဉ်ဆောင်းရာသီတွင် ဖြစ်ပွားနေကျအတိုင်း မြင့်တက်ခြင်းသာဖြစ်ပြီး အရေးပေါ်အခြေအနေမဟုတ်သည့်အပြင် ယမန်နှစ်ကဖြစ်ပွားမှု၏ အရေအတွက်အောက် လျော့နည်းကြောင်းနှင့် ရောဂါပြင်းထန်မှုလည်းနည်းပါးကြောင်း သိရသည်။

သို့ဖြစ်ရာ HMPV သည် စိုးရိမ်ထိတ်လန့်ဖွယ်ရာမဟုတ်ဟု ဆိုရမည်ဖြစ်သော်လည်း ကာကွယ်ဆေးမရှိသေးသည့် ရောဂါဖြစ်သည့်အလျောက် ကြိုတင်ကာကွယ်နေထိုင်ခြင်းဖြင့် ရောဂါကူးစက်ခံရခြင်းမှ ရှောင်ရှားကြရမည်ဖြစ်သည်။ HMPV သည် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ တို့ကဲ့သို့ပင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးပင်ဖြစ်ရာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမြင့်တက်ခဲ့စဉ်က နေထိုင်ခဲ့ကြသည့်နည်းလမ်းများကို ကျင့်သုံးနေထိုင်ခြင်းဖြင့် ရောဂါကူးစက်ခြင်းမှ ကင်းဝေးကြမည်ဖြစ်သည်။ လူထူထူကိုရှောင်ကြဉ်ခြင်း၊ ရောဂါလက္ခဏာပြနေသူများနှင့် ခပ်ခွာခွာနေခြင်း၊ လက်ကိုမကြာမကြာ စနစ်တကျသန့်စင်စွာဆေးကြောခြင်း၊ လိုအပ်ပါက ပါးစပ်၊ နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကူးစက်ခြင်းမှ ရှောင်ရှားနိုင်ကြမည်ဖြစ်သည်။ နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြခဲ့သောသတင်းအရ HMPV သည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့၌ နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားမှုရှိခဲ့သည်ကို သုတေသနပြုတွေ့ရှိခဲ့ကြောင်း၊ ၂၀၂၃၊ ၂၀၂၄ ခုနှစ်တို့တွင် ပြုလုပ်ခဲ့သော သုတေသနပြုတွေ့ရှိချက်များအရလည်း ပြင်ပလူနာကုဌာနများသို့ လာရောက်ပြသကုသမှု ခံယူခဲ့ကြသူများတွင် HMPV ကူးစက်မှုတွေ့ရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ HMPV သည် ရာသီအလိုက် ကူးစက်ဖြစ်ပွားနေခဲ့ပြီး အဆိုပါရောဂါပိုးနှင့်ပတ်သက်၍ ပြည်သူများအတွင်း ကိုယ်ခန္ဓာခုခံအားစနစ်ရှိနေပြီးဖြစ်သည်ဟု သုံးသပ်ယူဆနိုင်ကြောင်းသိရသည်။

ကမ္ဘာတစ်လွှား ကူးစက်ရောဂါများနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စောင့်ကြပ်ကြည့်ရှုနေသည့်နည်းတူ မိမိတို့နိုင်ငံမှ ကျန်းမာရေးဝန်ကြီးဌာနကလည်း နိုင်ငံတကာ၊ ဒေသတွင်းနှင့် ပြည်တွင်းပြည်ပတို့ကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။ မိမိတို့နိုင်ငံတွင် ယခုအခါ ဆောင်းရာသီကာလကျရောက်လျက်ရှိရာ ရာသီတုပ်ကွေးအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများမဖြစ်ပွားရေးအတွက် ပြည်သူတစ်ဦးချင်းစီက ကျန်းမာရေးဗဟုသုတပြည့်ဝစွာ၊ ကျန်းမာရေးသတိမြင့်မားစွာဖြင့် လိုက်နာကျင့်သုံးနေထိုင်ကြရန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။