Skip to main content

ရောဂါကင်းဝေးကျန်းမာစွာနေထိုင်ရေး ကျန်းမာရေးအသိဖြင့်ပူးပေါင်းပါဝင်

ယခုရက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်ဖြစ်ပွားလျက်ရှိသည့် နိုင်ငံတကာသတင်းများကို ကြားသိနေရသည်။ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် အကူးအပြောင်းနှစ်သစ်ကူးကာလတွင် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားစေတတ်သော (HMPV) ဗိုင်းရပ်စ်ပိုး ရောဂါကူးစက်ဖြစ်ပွားမှုများနှင့်ပတ်သက်၍ နိုင်ငံတကာသတင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလာကြသည်ကို တွေ့ရသည်။

ဖော်ပြပါသတင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အဆိုပါရောဂါကူးစက် ဖြစ်ပွားခြင်းမရှိသော်လည်း အချို့ပြည်သူများကြား၌ စိုးရိမ်ပူပန်မှုဖြစ်ကြသူများရှိနိုင်သည်။ မြန်မာနိုင်ငံတွင် ရာသီကာလအားဖြင့် ယခုကဲ့သို့ ဆောင်းရာသီကာလတွင် စိုးရိမ်ဖွယ်ရာမရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားလေ့ရှိသည်။ ထိုသို့ဖြစ်ပွားလေ့ရှိမှုနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ယခုဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါနှင့်မရောထွေးရန်လိုသည်။ သတင်းထုတ်ပြန် ချက်များအရ လတ်တလောဖြစ်ပွားမှုများတွင် ရာသီတုပ်ကွေး (Influenza A H1 N1) ရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်နေကြောင်းနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပိုးများလည်း ပါဝင်သည်ဟုသိရသည်။

HMPV ဗိုင်းရပ်စ်ပိုးရောဂါသည် ကိုဗစ်-၁၉ ရောဂါပိုးနှင့်မတူဘဲ ယခင်ကတည်းက ဖြစ်ပွားလေ့ရှိသောရောဂါပိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာနတို့ကပြုလုပ်ခဲ့သော သုတေသနစစ်တမ်းများအရ နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားခဲ့သည်ကိုတွေ့ရသည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်နှင့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များတွင်ပြုလုပ်ခဲ့သော သုတေသနအချက်အလက်များအရ ပြင်ပလူနာဌာနများသို့ လာရောက်ကုသမှု ခံယူခဲ့ကြသူများတွင်လည်း အဆိုပါ HMPV ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူများ ရှိခဲ့သည်ကိုတွေ့ရသည်။

ထို့ကြောင့် HMPV ဗိုင်းရပ်စ်ရောဂါပိုးသည် ရာသီအလိုက် ကူးစက်ဖြစ်ပွားမှုများရှိခဲ့ပြီးဖြစ်၍ အဆိုပါရောဂါပိုးနှင့်ပတ်သက်၍ ပြည်သူများတွင် ကိုယ်ခန္ဓာခုခံအား စနစ်ရှိနေပြီးဖြစ်သည်ကို သုံးသပ်တွေ့ရှိနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကူးစက်ရောဂါဖြစ်ပွားမှု အခြေအနေများနှင့်ပတ်သက်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာနှင့်ဒေသတွင်း ရောဂါဖြစ်ပွားမှုအခြေအနေ သတင်းအချက်အလက်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏သတင်းထုတ်ပြန်ချက်များနှင့် အကြံပြုချက်များကို စဉ်ဆက်မပြတ်ရယူ၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို ဆက်လက်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာနှင့်ဒေသတွင်း ရောဂါဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ ရောဂါဖြစ်ပွားလာပါက ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အသင့်ပြင်ဆင် ဆောင်ရွက်ထားပြီးဖြစ်သည်။

ဆောင်းရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးသော ကျန်းမာရေးသတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာရရှိရေး၊ ရောဂါများဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းနှင့် ကုသမှုပေးရေးတို့အတွက် လိုအပ်သည်များကို ကြိုတင်အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားစဉ်ကာလက အခက်အခဲအကျပ် အတည်းများကြားမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော ကူးစက်မြန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကို ကာကွယ်၊ ကုသ၊ ထိန်းချုပ်ခြင်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ ပြည်သူလူထုအနေဖြင့် ကူးစက်ရောဂါ ကာကွယ်ရေး တစ်ကိုယ်ရေလိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဗဟုသုတများလည်း ရရှိပြီးဖြစ်သည်။

ယခုဒေသတွင်းနိုင်ငံအချို့တွင် ဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ နှင့်ပတ်သက်သည့် HMPV ဗိုင်းရပ်စ်ပိုးသည် ကိုဗစ်-၁၉ ရောဂါကဲ့သို့ အန္တရာယ်များသော ဗိုင်းရပ်စ်ပိုးအသစ်မဟုတ်ပေ။ အဆိုပါဗိုင်းရပ်စ်ပိုးသည် ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတို့ကဲ့သို့ ယခုလိုဆောင်းရာသီကာလတွင် ကမ္ဘာတစ်ခွင်၌ဖြစ်ပွားလေ့ရှိသော ဖြစ်ရိုးဖြစ်စဉ်ရောဂါပိုးဖြစ်သည်။ အဆိုပါဗိုင်းရပ်စ်ပိုးသည် တရုတ်နိုင်ငံတွင် ဖြစ်နေကျထက်ပိုများခြင်းဖြစ်ပြီး အရေးပေါ်အခြေအနေ ကြေညာထားခြင်းမရှိပေ။ ၎င်းရောဂါပိုးသည် အသက်အရွယ်မရွေးကူးစက်ဖြစ်ပွားနိုင်ပြီး ကလေးသူငယ်၊ အသက်အရွယ်ကြီးသူ၊ ကိုယ်ခံအားစနစ် ကျဆင်းနေသူများတွင်အဖြစ်များသည်။ အသက်အန္တရာယ်အတွက် စိုးရိမ်ဖွယ်ရာတစ်ရာခိုင်နှုန်းအောက်တွင်သာရှိသည်။

သို့ဖြစ်ရာ ပြည်သူလူထုအနေဖြင့် ဒေသတွင်းနိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံအချို့တွင်ဖြစ်ပွားနေသော HMPV ဗိုင်းရပ်စ်ပိုးရောဂါနှင့်ပတ်သက်၍ အထူးစိုးရိမ်ထိတ်လန့်မှုဖြစ်ရန်မလိုဘဲ ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးထုတ်ပြန်မှုများကို လေ့လာမှတ်သားလိုက်နာ၍ ကျန်းမာရေးအသိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ရောဂါကင်းဝေးပြီး စိတ်အေးချမ်းသာစွာဖြင့် နေထိုင်နိုင်မည်ဖြစ်ပါကြောင်း။         ။