Skip to main content

အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော်   စက်တင်ဘာ   ၂၉

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးထွန်းအောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

လေးစားအပ်ပါသော  မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား။ 

စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း အာခါဘာသာစကားဖြင့် Nee Sar Ovq Luvq-ur  ဟု  မင်္ဂလာစကားဖြင့်  နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော် ကတော့    အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ       ဥက္ကဋ္ဌ ဦးထွန်းအောင်   ဖြစ်ပါတယ်။   ကျွန်တော်တို့   အာခါတိုင်းရင်းသားများဟာ  ရှမ်းပြည်နယ်အရှေ့ပိုင်း သံလွင်မြစ် အရှေ့ခြမ်း ဒေသတွင်သာ ပျံ့နှံ့နေထိုင်လျက်ရှိသည့် လူမျိုးစုတစ်စုဖြစ်ပါတယ်။ အာခါတိုင်းရင်းသား များဟာ ဝတ်စား ဆင်ယင်မှု ရိုးရာဓလေ့ယဉ်ကျေးမှု အမွေအနှစ်များကို ယနေ့ထိတိုင်  ထူးထူးခြားခြား ထိန်းသိမ်းစောင့်ရှောက် လျက်ရှိသော လူမျိုးစုနွယ်တစ်မျိုးဖြစ်ပါတယ်။ မိမိ လူမျိုးတို့၏ အမျိုးဂုဏ်ကို ထိန်းသိမ်းမြှင့်တင်နိုင်ရန်အတွက် စုပေါင်း နှစ်သစ်ကူးပွဲတော် ခါးထောင်းဖား ပွဲတော်၊ ဒန်းစီးပွဲတော်၊ ကောက်သစ်စားပွဲတော် စသည့်  ရိုးရာဓလေ့ကိုအခြေခံ သော ပွဲတော်များ စဉ်ဆက်မပြတ် ကျင်းပခြင်းဖြင့်   ထိန်းသိမ်းစောင့်ရှောက် လျက်ရှိပါတယ်။  ပါတီ၏ဆောင်ပုဒ်၊  ပါတီ၏ အလံ၊ ပါတီ၏ အမှတ်တံဆိပ် တို့ကို ရှင်းပြပေးလိုပါတယ်။

ပါတီ၏ဆောင်ပုဒ်မှာ မိမိတစ်ဦးချင်းစီ၌ရှိသော အရည်အချင်းများ စုပေါင်း၍ မိမိအမျိုး ဂုဏ်ကို မြှင့်တင်ကြစို့ဟူ၍ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ မိမိလူမျိုး၊ မိမိဒေသနှင့် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ နိုင်ငံသားတိုင်းမှာ တာဝန်ရှိသည်ဟု ဖော်ဆောင် ပါတယ်။

ပါတီ၏အလံမှာ အလယ်ဗဟိုတွင် အနီရောင်ရှိပြီး ပတ်ပတ်လည်မှာ ဝါ၊ စိမ်း၊ ဖြူ၊ ပြာ ဝန်းရံနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများသည် နေမင်းကြီး၏ အောက်မှာ တန်းတူညီမျှအခွင့်အရေး ရှိသည်ဟု ဖော်ဆောင်ပါတယ်။

ပါတီ၏  အမှတ်တံဆိပ်မှာ  ဒန်းပုံဖြစ်ပြီး  အာခါရိုးရာဓလေ့မှ စည်းလုံး ညီညွတ်ခြင်းဟူသော အဓိပ္ပာယ်ကို ဖော်ဆောင် ပါတယ်။ မဲဆန္ဒရှင်မိဘပြည်သူ များခင်ဗျား၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံရေးပါတီများ အပေါ်တွင် မှီတင်းနေပါတယ်။  နိုင်ငံရေးပါတီ  အဖွဲ့အစည်းများကသာလျှင်  မိမိနေရာ နေထိုင်ရာ  ဒေသအနှံ့အပြား  အောက်ခြေ လူထုအထိ ထဲထဲဝင်ဝင်ထိတွေ့ ဆက်ဆံနိုင်မည်ဖြစ်ပြီး လူထု၏ လိုအပ်ချက် အမှန်တရားကိုလည်း သိရှိနိုင်မှာ ဖြစ်ပါတယ်။ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ စတင်ဖွဲ့စည်းစဉ် ကတည်းကပင် မူဝါဒများချမှတ်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ မူဝါဒအချို့ကို တင်ပြရ မည်ဆိုလျှင် အာခါအမျိုးသားရေး မိမိတို့ အာခါအမျိုးသားများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစသည့် အခြေခံလိုအပ် ချက်များကို အာခါလူမျိုးများသာလျှင် ပိုမိုရှာဖွေတွေ့ရှိနိုင်ပြီး နားလည်ပေးနိုင်သလို ကူညီဆောင်ရွက်မှု အပိုင်းမှာလည်း အာခါ လူမျိုးများက ပိုမိုကျယ်ပြန့် ထိရောက်စွာ တာဝန်ယူကူညီနိုင်မည်ဟု ယုံကြည်ပါတယ်။ အာခါ အမျိုးသားများ၏ ရိုးရာဓလေ့ စာပေအနုပညာ ယဉ်ကျေးမှု စသည်များကို အာခါလူမျိုးများသာလျှင် ဖော်ထုတ်ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ပါတယ်။ အာခါလူမျိုး များ၏ လူမှုရေး ပြဿနာများကိုလည်း အာခါလူမျိုးများသာလျှင် ကူညီဖြေရှင်း နိုင်မည်ဟု ယုံကြည်ပါတယ်။

တိုင်းရင်းသားများအရေး

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးစု (၁၃၅) မျိုး စုပေါင်းနေထိုင်ပါတယ်။ တိုင်းရင်းသားများ၏ တန်းတူညီမျှရေး၊ လူမျိုးစုငယ်များ၏ အခွင့်အရေးများကိုလည်း တိုင်းရင်းသားများ အချင်းချင်းသာလျှင် ဖော်ဆောင်နိုင် မည်ဟု ယုံကြည်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်၊   တပ်မတော်၊ တိုင်းရင်းသားလူမျိုးစုအားလုံး  နားလည်မှု၊  ယုံကြည်မှုတည်ဆောက်နိုင်မှ သာလျှင် အောင်မြင် နိုင်မည်ဟု ယုံကြည်ပါတယ်။

လူမျိုးစုများ၏ အမျိုးအမည်၊ နေထိုင်ရာအရပ်ဒေသ ကွဲပြားခြားနားသကဲ့သို့  လူမျိုးစုတစ်မျိုးစီ မတူကွဲပြားသော နိုင်ငံရေးအယူဝါဒများကို သိရှိနားလည် အလေးထားမှသာလျှင် ၎င်းလူမျိုးစု အသီးသီး၏ ဂုဏ်ကို မြှင့်တင် နိုင်မည်ဟု ယုံကြည်ပါတယ်။

ပြည်ထောင်စုအရေး

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တည်းဟူသော ဒို့တာဝန်အရေးသုံးပါး ကို အစဉ်ဦးထိပ်ထားရပါမည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားလူမျိုးစုရေးရာ ကိုယ်စားလှယ်များသည် တိုင်းရင်းသား လူမျိုးစု များ၏ လိုအပ်ချက်များကို ဖော်ဆောင်နိုင်ရန်  ပြည်ထောင်စုအဆင့် ဥပဒေပြုနိုင်သည့် ကိုယ်စားလှယ်များ အဖြစ်ပါ ဝင်နိုင်ရေး အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ ရည်မှန်းပါတယ်။ ဒါမှလည်း ပါတီစုံဒီမိုကရေစီ၏ အနက် အဓိပ္ပာယ်ကို ပြည့်စုံစေမှာ ဖြစ်ပါတယ်။

ပါတီစုံပါဝင်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန် နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စု တပ်မတော်၊ ဌာန ဆိုင်ရာများ၊ နိုင်ငံရေးပါတီများ အပြန်အလှန်ယုံကြည်မှုဖြင့်  ပူးပေါင်းဆောင်ရွက်မှု မူဝါဒကို အခြေခံမှသာ လျှင် အောင်မြင်နိုင်မည်ဟု ယုံကြည်ပါတယ်။

တပ်မတော်၏အခန်းကဏ္ဍ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကမ္ဘာ့အလယ်မှာ ထည်ဝါစွာ ရပ်တည်နိုင်ရန် တိုင်းရင်းသား အချင်းချင်း ငြိမ်းချမ်းရေးရယူပြီး ပြည်ထောင်စု တပ်မတော်တစ်ရပ်တည်း ရှိရမည်ဟု ယုံကြည်ပါတယ်။ ထာဝရငြိမ်းချမ်းရေး အစဉ်တည်တံ့နိုင်ရန်လည်းကောင်း၊ ပြည်ပရန်ကို ကာကွယ်ရန်လည်းကောင်း၊   နိုင်ငံဂုဏ်ကို မြှင့်တင်နိုင်ရန် လည်းကောင်း ခေတ်မီ တပ်မတော် တည်ဆောက် ရမည်ဟု ယုံကြည်ပါတယ်။

လက်ရှိနိုင်ငံတော်၏ အခြေအနေအရ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးမှု  ရရှိနိုင်ရန်  နိုင်ငံရေး  ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်၌ တပ်မတော်သည် အရေးကြီးသည့် အခန်း ကဏ္ဍမှ အချိန်ကာလတစ်ခုထိ  ပါဝင်ရမည်ဟု ယုံကြည်ပါတယ်။

လုပ်ငန်းစဉ်

အာခါတိုင်းရင်းသားတို့သည် ပြည်ထောင်စုဖွား ညီအစ်ကို  တိုင်းရင်းသားလူမျိုးစုများနှင့်အတူ   ချစ်ကြည် ရင်းနှီးစွာဖြင့်   အတူလက်တွဲပြီး လိုအပ်သော   စီးပွားရေး၊   လူမှုရေး၊   ပညာရေး၊   ကျန်းမာရေးအစ ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာရန် ဦးတည်၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကျသော အခြေခံစစ်တမ်းကောက်ယူခြင်း၊  ခွဲခြမ်း စိတ်ဖြာခြင်းနှင့်  သုံးသပ်ခြင်း၊   မဟာဗျူဟာနှင့်   နည်းဗျူဟာများ ရေးဆွဲခြင်း၊ လုပ်ငန်းများ အကောင်အထည် ဖော်ခြင်းများကို စနစ်တကျ   အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ပါ မည်ဟု ချမှတ်ထားသကဲ့သို့ ပါတီစတင် ဖွဲ့စည်းစဉ်ကတည်းက ယနေ့ချိန်အထိ အာခါတိုင်းရင်းသားများ၏ နိုင်ငံရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ ပညာရေးကဏ္ဍများကို မပြတ်မလပ် ဖော်ဆောင် လျက်ရှိပါတယ်။

မဲဆန္ဒရှင်မိဘပြည်သူများနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တိုင်းရင်းသား ညီနောင်များခင်ဗျား။

အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် (၂၀၂၀) ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်  အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်လောင်း (၃) ဦး ပါဝင် အရွေးခံသွားမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အမျိုးဂုဏ်၊ ဒေသဂုဏ်၊ နိုင်ငံ့ဂုဏ်ကို တစ်ထောင့်တစ်နေရာမှ ဖော်ဆောင်မည် ဖြစ်သော အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီအား အာခါတိုင်းရင်းသား များနှင့်  ရှမ်းပြည်နယ်  အရှေ့ပိုင်းရှိ   တိုင်းရင်းသားညီနောင်  မဲဆန္ဒရှင်များ ဒန်းပုံကို ထောက်ခံမဲပေးကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။

Nee Sar Ovq Luvq-ur အားလုံး ငြိမ်းချမ်းကြပါစေ။    ။

အာခါ အမျိုးသားနေ့

တေးရေး - အောင်လွင်ငြိမ်း (S.Ar Zivq)

တေးဆို - လီဂါ၊ ထက်အောင်၊ အားဗျာ၊ မိငယ်

V1,  မိုးထိလုမြင့်မား မြူနှင်းများအုံ့ဆိုင်းလို့မှိုင်းဝေ မြန်မာပြည်

 သံလွင်နဒီအရှေ့ခြမ်း ရှမ်းရိုးမတောင်ပေါ်ဆီအာခါတိုင်းရင်းသားတို့ရဲ့ ပွဲတော်သံ  မိုးထက်သို့ လျှမ်းတက်လို့ . . . ညံလေပြီ

V2,  ရှုမျှော်လို့မဆုံး............... တစ်တောလုံးအနှံ့ ဆီ တောင်ယာလက်ဖက်ခင်း

 စတော်ဘယ်ရီ လိမ္မော်ခင်းများအစီအရီ ရေတံခွန်စိမ့်စမ်း...................

 ရေပူစမ်း .................... ထင်းရှူးနဲ့ချယ်ရီ  သဘာဝရဲ့  ......................

 အလှစုံညီ

    Cho; ပန်းသတင်းလေညင်းဆောင်ပြီ       သမိုင်းအသစ်တွင်ရစ်မည်

 ဘိုးဘေးစဉ်ဆက်    ထိန်းသိမ်းခဲ့တဲ့   ယဉ်ကျေးမှု  ဒို့ရဲ့အမွေ

 ရိုးရာမပျက် ဆင်နွှဲတဲ့နှစ်သစ်ကူးပွဲတော်

 ဒီဇင်ဘာ(၂၈)ရက်နေ့ အာခါအမျိုးသာနေ့

 ကမ္ဘာတည်သရွေ့................... ဒို့မမေ့

Bridge ***  ဒို့ညီအစ်ကို မောင်မယ်များ ဆုံစည်းတဲ့နေ့

 အာခါအမျိုးသားနေ့      

 စည်းလုံးခြင်းရဲ့ အနှစ်သာရများ ဖော်ကျူးတဲ့နေ့

 အာခါအမျိုးသားနေ့

 အာခါတိုင်းရင်းသားစုပေါင်းနှစ်သစ်ကူးပွဲတော်ဆင်နွှဲတဲ့နေ့

 အာခါအမျိုးသားနေ့

 ကမ္ဘာတည်သရွေ့ ............ အာခါအမျိုးသားနေ့

 (အာခါအမျိုးသားနေ့)၂