အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ မိသားစုဝင်ဖြစ်စေ၊ ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်စေ ၎င်းတို့ကြားတွင် ဖြစ်လေ့ ရှိသည့် ရည်ရွယ်ချက်ရှိရှိနှင့်ပြုလုပ်သော အကြမ်းဖက်မှုကို ဆိုလိုပါသည်။ အိမ်တွင်း အကြမ်းဖက်မှုသည် အသေး အမွှားလေးများမှ အစပြုပြီး ကြီးကြီးမားမား ဒုစရိုက်မှုပုံသဏ္ဌာန် မျိုးအထိ ဖြစ်လာတတ်သည်ကို တွေ့ရ သည်။ သို့သော် နယ်ပယ်အသိုက်အဝန်းတိုင်း၊ အိမ်တိုင်းအိမ်တိုင်း တော့ မဟုတ်ပေ။ အချို့ မိသားစုအိမ်တွင်း၌ ဖြစ်တတ်ကြသည်။
ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောကာလတွင်မူ မိသားစုများသည် ကျန်းမာရေးကြောင့် နေအိမ်တွင်သာ နေထိုင်ကြရသည့် အချိန်အခါတွင် မူလစိတ်အခံကြောင့်ဖြစ်စေ၊ မိမိတို့စိတ်ကျဉ်းကျပ်မှု ကြောင့်ဖြစ်စေ၊ မိမိတို့ စိတ်ထွက်ပေါက်မရသောကြောင့်ဖြစ်စေ၊ မည်သည့် အကြောင်းကြောင့်ဖြင့်ဖြစ်စေ မိမိတို့၏စိတ်ကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းဆင်ခြင်ပြီး အိမ်တွင်းအကြမ်းဖက်မှု မည်သည့်နည်းနှင့်မျှ မဖြစ်စေရအောင် အထူးဂရုစိုက် ဝိုင်းဝန်း ကာကွယ်ရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေသောကာလအတွင်း အားနည်းသော အမျိုးသမီးနှင့် ကလေးငယ်အချို့သည် အိမ်တွင်းအကြမ်းဖက်မှုကို ပုံစံအမျိုးမျိုးဖြင့် ကြုံတွေ့တတ်သောကြောင့် လူမှုဝန်ထမ်းဦးစီးဌာန ဥပဒေရေးရာ ကုစားရေးအဖွဲ့က ပြည်သူလူထုအား မည်သည့်အကြောင်း ပြချက်နှင့်မျှ အိမ်တွင်းအကြမ်းဖက်မှုကို မကျူးလွန် ရအောင် အသိပညာပေး နှိုးဆော်တိုက်တွန်း သတိပေးလျက်ရှိသည်။
“ ကိုဗစ်-၁၉ ရောဂါဘေးကာလအတွင်း နေအိမ်တွင်သာ နေထိုင်ရသော အစီအစဉ်ကြောင့် သာမန် လူတန်း စားများအနေဖြင့် အလုပ်အကိုင်များ ခေတ္တရပ်တန့်မှုများနှင့် ကြုံကြရသည်။ အလုပ်အကိုင်များ ရပ်တန့်မှုကြောင့် ငွေကြေးအကျပ်အတည်းဖြစ်ပေါ်လာပြီး မိသားစုအတွင်း စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်လာတတ်သည်။ ထိုအခါ အိမ်တွင်းရေးတင်းမာမှုများ တိုးတက်မြင့်မားဖြစ်ပေါ်လာတတ်သည်။ အိမ်တွင်းရှိ အင်အားနည်းပါးသော အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် ဦးတည်ထိုးနှက်မှုများ၊ အနိုင်ကျင့်မှုများ ရှိလာတတ်သည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမြင့်မားလာသည်နှင့်အမျှ ပြည်သူများမှာ စိုးရိမ်ပူပန်မှုများ တိုးပွားလာ တတ်ပြီး စိတ်ဖိ စီးမှုများလည်း မိသားစုများအတွင်း ဖြစ်ပေါ်လာတတ်သည်။ ထိုအခါ စိတ်ဖိစီးမှုများကိုလျှော့ချနိုင်ရန်အတွက် အိမ်တွင်းရှိ အမျိုးသားအချို့တို့က အရက်သေစာသောက် စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း အစရှိသည့် လွဲမှားသော အလေ့အထများနှင့် လွဲမှားသည့် အမူအကျင့်များ ပြုလုပ်လာတတ်သည်ကို တွေ့ရှိနိုင်ပါသည်။ ထိုအခါ မိသားစုဝင်များအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်ခြင်း၊ စည်းရုံးခြင်းကို ပြုလုပ်ကြပြီး အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အကြောင်းကြားရမည်ဖြစ်သည်။
ကိုဗစ်ကာလတွင် အမျိုးသမီးများမှာ အများအားဖြင့် ဝန်ထုပ်ဝန်ပိုး ဖြစ်ကြရသည်။ အိမ်မှုကိစ္စများသည် အမျိုးသမီး များနှင့် သက်ဆိုင်ကြောင်း၊ ကလေးနှင့်နာမကျန်းသူများအား ပြုစုစောင့်ရှောက်ရန်တာဝန်မှာ အမျိုးသမီးများ ဖြစ်ကြောင်း စသည်ဖြင့် အမျိုးသမီးအများစုအပေါ် ဝန်ပိလာကြသည်။ ယခုကဲ့သို့ ရောဂါဘေးအန္တရာယ်ကြောင့် အိမ်တွင်းမှာပင် နေထိုင်ခြင်းနှင့် လှုပ်ရှားသွားလာမှုများကို ကန့်သတ်ထားခြင်းကြောင့် လူမှုပေါင်းစည်းမှုများ၊ လူမှု အဆက်အသွယ်ဆက်ဆံမှုများ ပြတ်တောက်ဖြစ်ပေါ်လာပြီး ပိုမိုအထီးကျန်မှုများ၊ စိတ်ထွက်ပေါက်ရှာမှုများမှ အိမ်တွင်း အကြမ်း ဖက်မှုများ၊ အထူးသဖြင့် အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ် ဖိနှိပ်မှုများ မပြုလုပ်မိစေရန် အထူးသတိပြုရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုကြောင့် အိမ်တွင်းအကြမ်းဖက်ခံရသူများအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ပုံမှန် ထောက်ပံ့ကူညီပေးနေမှုများ အားနည်းသွားခြင်းနှင့် ဝန်ဆောင်မှုများကို လက်လှမ်းမီရရှိရန် ခက်ခဲ သွားခြင်းများ ရှိနိုင်ပါသည်။ ထို့ကြောင့် မိမိတို့ပတ်ဝန်းကျင်တွင် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားနေသည်ကို သိရှိတွေ့မြင် နေရပါက မိမိတို့နှင့်မဆိုင်သလို ဆိတ်ဆိတ်မနေဘဲ ပူးပေါင်းကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ ဆက်သွယ်ရေး ကောင်းမွန်နေသော ကာလတွင် အိမ်တွင်းအကြမ်းဖက်မှုကို ကြုံတွေ့ခံစားရပါက မိမိ ယုံကြည် ရသူတို့ကို ဖွင့်ဟပြောဆိုပြီး အကူအညီရယူနိုင်ပါသည်။ အိမ်တွင်းအကြမ်းဖက်မှုများအပါအဝင် အမျိုးသမီးနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှုကိစ္စနှင့် ပတ်သက်၍ ဥပဒေအရဖြစ်စေ၊ အကူအညီအရဖြစ်စေ လူမှုဝန် ထမ်းဦးစီးဌာနကို အကူအညီတောင်းခံနိုင်ပါသည်။
သို့ဖြစ်ရာ မည်သည့်အကြောင်းပြချက်နှင့် အိမ်တွင်းအကြမ်းဖက်မှုများ မဖြစ်ပွားရန်၊ မကျူးလွန်မိရန် လိုအပ်ပါ သည်။ ပုံမှန်အချိန်ကာလများတွင် မဖြစ်ပွားနိုင်အောင်ပြုလုပ်ရမည်ဖြစ်ပြီး ယခုကဲ့သို့ ကိုဗစ်ကာလတွင် အိမ်တွင်း အကြမ်း ဖက်မှုများ မဖြစ်ပွားအောင် မိသားစုဝင်များအဖို့ သတိပြု ဆင်ခြင်ကြရပြီး ဖြစ်ပွားလာလျှင် အကြမ်းဖက်မှု တိုင်းအတွက် အကြမ်းဖက်သူတွင်သာ တာဝန်ရှိ၍ ပြစ်မှုကျူးလွန်သူသည် ဥပဒေနှင့်အညီ အရေးယူ ခံရမည်သာ ဖြစ်သည်။ ထို့ကြောင့် မည်သည့် အကြောင်းပြချက်နှင့်မျှ အိမ်တွင်းအကြမ်းဖက်မှု မကျူးလွန်ရအောင် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း။ ။