Skip to main content

တိုင်းရင်းသားပြည်သူအချင်းချင်း စာနာထောက်ထားရိုင်းပင်းကူညီ

မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက် ပြည်သူအများစု ယုံကြည်ကိုးကွယ်ဆည်းကပ်သော မြတ်စွာဘုရားရှင်၏ ဗုဒ္ဓဘာသာတရားအဆုံးအမများနှင့်အညီ သတ္တဝါများအားလုံးအပေါ်တွင် မေတ္တာတရားဖြင့် ပြုမူဆက်ဆံနေထိုင်လာကြသည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ ယဉ်ကျေးသောအသိုက်အမြုံ၊ ယဉ်ကျေးသည့်နိုင်ငံအဖြစ် အခိုင်အမာတည်ဆောက်ခဲ့ကြသည်။

ပြည်သူအများစုမှာ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားကြသော်လည်း အသိအမြင်မိုက်မဲသူတို့က လောဘ၊ ဒေါသ၊ မောဟတရားများ အားကြီးကြသည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများ ခေါင်းပါးကြသည်။ တစ်ဦးအပေါ်တစ်ဦး နားလည်မှု၊ စာနာမှုများ၊ သည်းခံခွင့်လွှတ်မှုများ အားနည်းကြပြီး အချင်းချင်းရန်လို မုန်းဘက်စိတ်ထားများ ကြီးမားနေကြသည်ကို တွေ့မြင်ရတတ်သည်။ အသိဉာဏ် ဆင်ခြင်တုံတရားအားနည်းမှု၊ ဘာသာတရားအဆုံးအမတို့အပေါ်တွင် ယုံကြည်လက်ခံခြင်းမရှိမှု၊ ကိုယ်ကျိုးအတ္တကြီးမှု၊ ခံယူချက်မှားယွင်းမှု အကြောင်းအမျိုးမျိုးတို့ကြောင့်လည်း မိုက်မဲသောအလုပ်များကို လုပ်ကိုင်ကြသည်။

ယခုအခါတွင် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းအလိုက်၊ အုပ်စုအလိုက်ဖြစ်စေ မိုက်မဲသူများကို တွေ့ရသည်။ ၎င်းတို့တွင် မိမိတို့မြို့ရွာများ၊ မိမိတို့လူမျိုးများကို ပျက်စီးအောင်ဖျက်ဆီးသည့် အကြမ်းဖက်သမားများမှာ အမိုက်မဲဆုံးဟုဆိုချင်သည်။ မေတ္တာတရားခေါင်းပါးခြင်း၊ ခံယူချက်လွဲမှားခြင်းတို့ဖြင့် ပြည်ထောင်စုကြီးအတွင်း အတူတကွနေထိုင်လာခဲ့ကြသော တိုင်းရင်းသားပြည်သူများအပေါ်တွင် လက်နက်အားကိုးဖြင့် အနိုင်ကျင့်နှိပ်စက်ကြသည်။ လူမျိုးရေး၊ ဒေသရေး၊ နိုင်ငံရေးတို့ကိုအကြောင်းပြ၍ တိုင်းရင်းသားညီအစ်ကိုမောင်နှများ၏ အသက်အိုးအိမ်စည်းစိမ်များကို နှိပ်စက်ဖျက်ဆီးကြသည်။ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာဒေသများသို့ ယာယီနေရပ်စွန့်ခွာသွားကြရသည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများ (တိုက်ပွဲရှောင်ပြည်သူများ) ဟုဆိုရာတွင် စာနာထောက်ထားမှုမရှိသည့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက မြို့ရွာများတွင် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ကာ တရားမဲ့နယ်မြေကျူးကျော်လာမှုများကြောင့် ယာယီတိုက်ပွဲရှောင်နေရသူများအပြင် အကြမ်းဖက်သမားများ၊ အကြမ်းဖက်အုပ်စုများ၏ အကြမ်းဖက်လုပ်ရပ်များ၊ အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအန္တရာယ်များကို စိုးရိမ်နေရသဖြင့် ခေတ္တနေရပ်စွန့်ခွာ လာရသူများပါဝင်ကြောင်း သိရသည်။

ဘေးအန္တရာယ်များဟုဆိုရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်မှုနှင့်အလားတူသည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီတိုက်ပွဲရှောင်နေကြရသည့် ပြည်သူများလည်းပါဝင်သည်။ ၎င်းပြည်သူများအတွက်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာရင်းကောက်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းမှာကြားခဲ့သည်။

ယာယီတိုက်ပွဲရှောင်နေကြရသည့် ပြည်သူများကို လိုအပ်သည့်ထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာရင်းကောက်ယူလျက်ရှိရာ ဘုန်းတော်ကြီးကျောင်းကဲ့သို့သော ယာယီခိုလှုံရာစခန်းများတွင် လာရောက်ခိုလှုံနေကြသူများအပြင် ဆွေမျိုးသားချင်းများရှိရာ ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်ခြင်း၊ မိမိအစီအစဉ်ဖြင့် နေအိမ်ခန်းများ ငှားရမ်းနေထိုင်ခြင်း၊ အခြားနည်းလမ်းများဖြင့်နေထိုင်ကြသူများမှာ အန္တရာယ်ကင်းရာ နေရာအသီးသီးတွင်ရှိနေကြောင်း သိရသည်။ ထိုသို့နေထိုင်ကြသူများ အားလုံးသည် ယာယီတိုက်ပွဲရှောင်နေကြရသည့် ပြည်သူများဖြစ်၍ တိုင်းရင်းသားပြည်သူများအချင်းချင်း စာနာထောက်ထား၍ မေတ္တာတရားဖြင့် ကူညီမှုများပြုလုပ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ(ခ)တွင် “သဘာဝဘေးအန္တရာယ်” ဆိုသည့်စကားရပ်အား အဓိပ္ပာယ်ဖွင့်ဆိုထားမှုအရ “အကြမ်းဖက်ခြင်း၊ လက်နက်ကိုင်သောင်းကျန်းမှုများ ဖြစ်ပွားခြင်း” တို့သည် သဘာဝဘေးအန္တရာယ်တွင် ပါဝင်သောကြောင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများကို ပြုလုပ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။ သို့ဖြစ်ရာ အကြမ်းဖက်သောင်းကျန်းသူများလက်ချက်ကြောင့် ယာယီတိုက်ပွဲရှောင်နေကြရသည့် ပြည်သူများအား တိုင်းရင်းသားပြည်သူအချင်းချင်း ကူညီဖေးမမှုများနှင့်အတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများ လျာထားဆောင်ရွက်ရာတွင် အကျုံးဝင်သူ အားလုံးပါဝင်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများက စာရင်းကောက်ယူရာတွင် အကျုံးဝင်သူအားလုံးကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပေး နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။         ။