Skip to main content

နိုင်ငံနှင့် ဒေသတည်ငြိမ်အေးချမ်းရေး တပ်မတော်နှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၅) ကို ဇန်နဝါရီလ ၃၁ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်တာဝန်များကို သက်တမ်းတိုးတာဝန်ယူခဲ့သည့် ခြောက်လတာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ယနေ့မြန်မာနိုင်ငံ၏ အခြေအနေသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုကြောင့် ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရမှုအပေါ်တွင် မဲမသမာမှုပြုလုပ်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတချို့က လူထုစိတ်ခံစားချက်များကို အသုံးချပြီး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းမှအစပြု၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တို့အနေဖြင့်လည်း နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းပေါ်တွင် အခွင့်ကောင်းယူပြီး တိုင်းရင်းသားရေး၊ နိုင်ငံရေးအကြောင်းပြချက်များနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် အစွန်းရောက်ခံယူချက်များနှင့် ၎င်းတို့လှုပ်ရှားသည့်နယ်မြေများတွင် လှုံ့ဆော်အားပေးမှုများ ပြုလုပ်ခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် ပြည်တွင်း ပြည်ပမှ နိုင်ငံတော်အကျိုးကို မလိုလားသည့် ပြည်ဖျက်မီဒီယာများနှင့်ပူးပေါင်းပြီး မဟုတ်မမှန်သတင်းများကိုလည်း ဝါဒဖြန့်ခဲ့ကြသည်။ နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာအောင် ဟန်ချက်ညီညီဖြင့် အချိန်ကိုက်ဖြစ်အောင် လှုံ့ဆော်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ပြင် ဆင်ခြင်တုံတရားရှိသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကိုလည်း ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်းနှင့် ဖိအားပေးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာပြီး ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ဥစ္စာပစ္စည်းများနှင့် နိုင်ငံပိုင်၊ ပြည်သူပိုင်အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ဥပမာအားဖြင့် ပြီးခဲ့သည့်နှစ်က ကယားပြည်နယ် လွိုင်ကော်မြို့ကို KNPP၊ PDF များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့မှ တက္ကသိုလ်အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး ကျောင်းပိတ်ခဲ့ရသည်။ လွိုင်ကော်တက္ကသိုလ်မှ အဆောက်အအုံ ၄၄ လုံး ပျက်စီးခဲ့ပြီး ထိုအဆောက်အအုံများကို ပြုပြင်ရန် ငွေကျပ်ကိုးဘီလီယံခန့် ကုန်ကျမည်ဖြစ်သည်။ အဆိုပါငွေကျပ်ကိုးဘီလီယံသည် မူလတန်းကျောင်းအသစ်များစွာ ဆောက်လုပ်နိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစွာတို့ကို ဆောင်ရွက်ပေးနိုင်သည်။ ကျန်ရှိသောဖျက်ဆီးခံရသည့် တက္ကသိုလ်များ၊ ကျောင်းများ၊ ဈေးများ၊ ပြည်သူတို့၏ ပိုင်ဆိုင်မှုများကိုပါ ထည့်သွင်းတွက်ချက်ကြည့်ပါက ဘီလီယံပေါင်းအမြောက်အမြားရှိဦးမည်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် မြို့ရွာများကို အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကိုဖျက်ဆီးခြင်း၊ လုယက်ခြင်းများပြုလုပ်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုမရှိအောင် ဖန်တီးလျက်ရှိသည်။ အချို့သောတိုင်းရင်းသား လက်နက်ကိုင်များနှင့် PDF များသည် အဆိုပါအခြေအနေကို အခွင့်ကောင်းယူလျက် နယ်မြေချဲ့ထွင်နိုင်အောင် ပြုလုပ်နေခြင်းများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ပြုလုပ်ခြင်းအပြင် ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးအောင် ပြုလုပ်နေခြင်းများသာဖြစ်သည်။ အဆိုပါလုပ်ရပ်များ၏ အကျိုးဆက်ကို အစိုးရတစ်ရပ်နှင့်ဆိုင်သည်ဆိုသည်ထက် တိုင်းရင်းသားပြည်သူများ၏ ဆုံးရှုံးမှု၊ နိုင်ငံ၏ဆုံးရှုံးမှုများသာဖြစ်နေသည်ကို ဒီမိုကရေစီကို လိုလားပါသည်ဟုဆိုပြီး လှုံ့ဆော်အားပေးနေသည့် နိုင်ငံများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ စဉ်းစားဆင်ခြင်ကြရန်လိုမည်ဖြစ်သည်။ အပြုနှင့် အဖျက်အခြေအနေများကို ပြည်သူများက နားလည်သဘောပေါက်နေကြပြီဖြစ်သည်။

“ဒေသတစ်ခု တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျအောင် လုပ်နိုင်စွမ်းရှိသူများသည် အဆိုပါဒေသတွင် နေထိုင်ကြသည့် ဒေသခံများနှင့် ဒေသခံအကြမ်းဖက်သမားများသာဖြစ်ကြောင်း၊ ထိုသို့လက်နက်ကိုင်သောင်းကျန်းသူအကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် ပြည်သူအားလုံးက ရှုတ်ချနေကြပြီး ရပ်တန့်သွားအောင် တပ်မတော်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း” ဇန်နဝါရီလ ၃၁ ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

သို့ဖြစ်ရာ အများပြည်သူ လုံခြုံရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့လုံခြုံရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန်၊ အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်သွားရန် တပ်မတော်နှင့်အတူ ပြည်သူအားလုံးပူးပေါင်းလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။