Skip to main content

မစိုးရိမ် မတုန်လှုပ်နှင့် သို့သော် မပေါ့ဆပါနှင့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သူ၏ဇနီးသည်တို့ ကိုဗစ်ရောဂါပိုး ကူးစက်ခံရကြောင်း၊ ၎င်းတို့နှစ်ဦးလုံး ရောဂါပိုးရှိသူများကို သီးခြားကန့်သတ် ထိန်းချုပ် ထားသည့်ဌာနတွင် သွားရောက်နေရမည်ဖြစ်ကြောင်း၊ အမေရိကန်သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန် ပါသည်။

ယနေ့ထုတ် စာရင်းဇယားများအရဆိုလျှင် တစ်ကမ္ဘာလုံးတွင် ရောဂါပိုးကူးစက်ခံရသူ သုံးဆယ့် လေးသန်းခွဲနီးပါးခန့်ရှိပြီး သေဆုံးသူ တစ်သန်းထက် အနည်းငယ် ကျော်လွန်သွားခဲ့ပြီ။ အမေရိကန် နိုင်ငံတွင် ရောဂါပိုးရှိသူလူနာ စုစုပေါင်း ခုနစ်သန်းခွဲနီးပါးရှိကာ သေဆုံးသူ နှစ်သိန်း ကျော်ကျော်ရှိ၏။ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှု အများဆုံး နိုင်ငံလည်း ဖြစ်ပါသည်။ ခပ်စောစောပိုင်း ကာလကတည်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က နှာခေါင်းစည်းတပ်ခြင်းသည် ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်နိုင်ကြောင်း ရေရာသည့် အထောက်အထားမရှိဟုဆိုကာ နှာခေါင်းစည်း တပ်ခြင်းကို ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ ရောဂါပိုး ကူးစက်မှုများ အမေရိကန်နိုင်ငံတွင်း၌ တဖြည်းဖြည်းချင်း တိုးပွားများပြားလာသည်မှာ ဒေါ်နယ်ထရမ့်၏ တာဝန်မကင်းဟု ပြစ်တင်ဝေဖန်ပြောဆိုမှုများလည်း အမေရိကန်ပြည်တွင်း၌ ရော ပြည်ပနိုင်ငံများတွင်ပါ ရှိနေခဲ့သည်။

လူ့သဘာဝအရ အနိဋ္ဌာရုံဖြစ်ပျက်မှုသတင်းများကို မည်သို့ပင် ကြားနေမြင်နေရသည်ဖြစ်စေ မိမိထံသို့ ရောက်လာလိမ့်မည်ဟု တော်ရုံမျှဖြင့် ယုံကြည်လေ့မရှိပါ။ အချို့ကလည်း ဤကဲ့သို့ သော ဖြစ်ပျက်မှုများသည် မိမိ၏ ကုသိုလ်ကံအရ၊ သို့မဟုတ် မိမိ၏ ကိုယ်စွမ်းဉာဏ်စွမ်းအရ မိမိထံတွင် ဖြစ်စရာအကြောင်းမရှိဟု ယူဆကြသည်လည်းရှိ၏။ လက်တွေ့ဘဝတွင် မတော် တဆမှုဆိုသော အမှုများသည် ယခုလိုပင် ဖြစ်လာလိမ့်မည်ဟု မထင်ဘဲ ဖြစ်ခဲ့ရသည်တို့သာ များပါ၏။ ထို့ကြောင့်ပင် ယင်းကဲ့သို့သော မတော်တဆမှုများကြောင့် လူတို့ ထိခိုက်နစ်နာမှုများ မဖြစ်စေရန် ရည်ရွယ်၍ မတော်တဆမှု ကာကွယ်ရေး၊ လုံခြုံရေးစနစ် များကို တီထွင်ကြကာ ဥပဒေဖြင့် ပြဋ္ဌာန်းတားဆီးလေ့ရှိပါ၏။

သို့သော်လည်း အထက်တွင်ဆိုသကဲ့သို့ မိမိကိုယ်ကိုယ်ယုံကြည်မှု လွန်ကဲသည့်အခါ၊ သို့မဟုတ် ဥပဒေ စည်းကမ်းတို့ကို အလေးအနက် မထားသည့်အခါ အနည်းငယ်သော ပေါ့ဆမှုတစ်ခု ကြောင့်ဖြစ်စေ၊ မမျှော် လင့်သော ထိခိုက်နစ်နာဖွယ် ဖြစ်ပျက်မှုများနှင့် ကြုံရတတ်၏။ နစ်နာ ဆုံးရှုံးမှုများ ဖြစ်ရတတ်၏။ ကားလမ်းများပေါ်တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်များကြားတွင် ဖြစ်ပွားလေ့ရှိသည့် မတော်တဆမှုများကို ဥပမာအဖြစ် တွေ့နိုင်ပါမည်။ မိမိတွင် ဖြစ်လိမ့် မည်ဟု မည်သည့်အချိန်တုန်းကမှ တွေးထင်မထားကြသည့် အဖြစ်အပျက်များကို မတော်တဆမှုများတွင် တွေ့ရပါမည်။ ကိုဗစ်ကပ်ရောဂါသည်လည်း ထိုနည်းနှင်နှင်ဟု ဆိုရပါမည်။

နိုင်ငံတွင်း၌ ကူးစက်ပြန့်ပွားမှု ဖြစ်လာသောအခါ မိမိကိုဖြင့် မကူးစက်လောက်ဘူးဆိုသည့် အတွေးဖြင့် နေဖို့မဖြစ်ပါ။ ကိုဗစ်ရောဂါပိုးသည် လူ၏ခန္ဓာကိုယ်ကို အမှီပြု၍ ရှင်သန်တိုးပွားခြင်း ဖြစ်၏။ လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ပေါက်ပွား၏။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်သည့် ဖြစ်စဉ် ကို ရပ်လိုက်နိုင်သည်နှင့် ရောဂါပိုး ဆက်လက်ပြန့်ပွားရန် ခက်ခဲသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လူချင်း ခြောက်ပေအနည်းဆုံး ခွာခွာနေကြရန်၊ ရောဂါပိုး ကူးစက်ပြန့်ပွားရာ အဓိကလမ်းကြောင်းဖြစ်သည့် အသက်ရှူလမ်းကြောင်းများကို ပိတ်ဆီးကာကွယ်ရေး အတွက် နှာခေါင်းစည်းများ၊ မျက်နှာဖုံးများ တပ်ဆင်ကြရန်၊ လက်နှင့် ထိကိုင်ခြင်းဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတို့မှ တစ်ဆင့် အသက်ရှူလမ်းကြောင်း တွင်းသို့ ပိုးရောက်ရှိ ပျံ့နှံ့မှုဖြစ်နိုင်သည့်အတွက် လက်ကို မှန်မှန်ဆေးကြောရန် အစရှိသည်တို့ကို သတိထားနိုင်ရေး နှိုးဆော်နေခြင်း ဖြစ်ပါသည်။

ကိုဗစ်ရောဂါပိုး ကူးစက်မှုသည် မလွှဲရှောင်သာသည့် ဖြစ်ပွားမှု ဖြစ်သောကြောင့် ရင်ဆိုင်ကြရ မည်သာ ဖြစ်ပါသည်။ စိုးရိမ်တုန်လှုပ်ကြရန် မလိုပါ။ သို့သော် လည်း လုံးဝပေါ့ဆ၍မရပါ။ မမေ့ မလျော့ မပေါ့မဆခြင်းဖြင့်သာ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ကာ အခက်အခဲနှင့် စိန်ခေါ်မှုများအားလုံးကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ကြမည် ဖြစ်ပါကြောင်း။ ။