နေပြည်တော် ဖေဖော်ဝါရီ ၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသေးစားထုတ်ကုန်များ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ညောင်ရွှေမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ကျေးရွာ ရှစ်ရွာ၊ လူဦးရေ ၂၃၀၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် ပေါင်းပိုင်း - လက်မောင်းကွေး ကျေးရွာချင်းဆက်လမ်းအား မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဒေသခံပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ် အောင်ပန်းမြို့ရှိ တေဇာထွန်းနှင့် ဆင်ဖြူတော်စားသောက်ကုန်လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု၊ ပြည်တွင်း၌ တင်ပို့ရောင်းချနေမှု၊ အကျိုးအမြတ်ရရှိမှုနှင့် လုပ်ငန်း လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးသည်။
ယင်းနောက် တပ်ကုန်းမြို့ “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ ဝါကြိတ်စက်နှင့် ဝါသိုလှောင်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဥပ္ပါတသန္တိစေတီတော်တောင်ဘက်ရှိ တပေါင်းကွင်း၌ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပြသမည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြခန်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ကုန်ထုတ်သမဝါယမအသင်းများ၏ ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုထုတ်ကုန်ပြခန်းများ ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်