မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးတို့ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း မွေးဖွားရာဇာတိ၊ နေထိုင်ရာဒေသ၊ ကြီးပြင်းရာဝန်းကျင်၊ ယုံကြည်ကိုးကွယ်ရာဘာသာ၊ ပြောဆိုရာစကား၊ မြတ်နိုးရာစာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးစံများမတူကွဲပြားကြသော်လည်း ပြည်ထောင်စုသွေးချင်းသားချင်းများဖြစ်သည်ဟူသော အသိစိတ်ဓာတ်ဖြင့် တစ်ဦးအပေါ်တစ်ဦးသံသယမထားဘဲ တန်ဖိုးထားလေးစား ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံနေထိုင်လာခဲ့ကြသည်။
တိုင်းရင်းသားပြည်သူအားလုံး၏ ပင်ကိုစိတ်ရင်းအနေဖြင့် မြန်မာတို့၏ မူရင်းစိတ်သဘောထားအတိုင်း မည်သည့်အခြေအနေမျိုးရှိသည်ဖြစ်စေ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုစိတ်ရှိခြင်း၊ ကိုယ်ချင်းစာနာစိတ်နှင့် အချင်းချင်းရိုင်းပင်းကူညီလိုစိတ် အပြည့်အဝရှိခြင်း၊ အရေးကြုံလျှင်သွေးဆုံပြီး စုပေါင်းကာကွယ်တွန်းလှန်လိုစိတ်ရှိခြင်း စသည့်ပကတိရိုးသားဖြူစင်သည့် ပင်ကိုစိတ်ရင်းစိတ်ထားများရှိကြသည်။ လူမျိုး၊ ဓလေ့၊ အသွေးအရောင်မတူကွဲပြားသော်လည်း ဤပြည်ထောင်စုကြီးအတွင်း အတူတကွနေထိုင်ကြသည့် “မြန်မာ” ဆိုသည့် အသိစိတ်ဓာတ်ဖြင့် လက်တွဲနေထိုင်ခဲ့ကြသည်မှာ နှစ်ပေါင်းရှည်ကြာခဲ့ပြီဖြစ်သည်။
သို့သော် ထိုကဲ့သို့ ကောင်းမြတ်သောပင်ကိုစိတ်ရင်းများ မှေးမှိန်ညှိုးနွမ်း ခန်းခြောက်မှုများရှိခဲ့သည်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှ လွတ်လပ်ရေးရရှိပြီးနောက် ယနေ့ထက်တိုင်အောင်ပင်ရှိနေပြီဟု ဆိုချင်ပါသည်။ ကိုလိုနီနယ်ချဲ့ လက်ဟောင်းလက်သစ်တို့၏ ပရိယာယ်နှင့် လမ်းစဉ်အတိုင်း တိုင်းပြည်၏ ပြည်တွင်းရေးမတည်ငြိမ်အောင် နိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲပြားစေမည့် အတွေးအခေါ်၊ အယူအဆ၊ ခံယူချက်စသည်တို့ လွှမ်းခြုံသွတ်သွင်းပေးပြီး သံသယများ၊ အမုန်းတရားများကြီးထွားလာအောင် နှစ်ပေါင်းရှည်ကြာဖန်တီးလာခဲ့ကြရာ ယနေ့အခါတွင် သွေးကွဲခြင်း၏အကျိုးများကို ခံစားနေကြရသည်။
“စည်းလုံးသောနိုင်ငံ၊ ညီညွတ်သောနိုင်ငံ၊ နိုးကြားကြိုးစားသောနိုင်ငံသည် အမြဲထာဝရ ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်ပြီး စည်းလုံးညီညွတ်မှုမရှိပါက နိုင်ငံမှာရေနစ်ဆားကဲ့သို့ ပျက်စီးပျောက်ကွယ်သွားမည်သာဖြစ်ပါသည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတွင်းရှိပြည်သူများ၏ စည်းလုံးညီညွတ်မှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး ပကတိလိုအပ်ချက်သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပင် ဖြစ်ပါသည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု၊ ဘဝလုံခြုံမှုနှင့် လူမှုစီးပွားတိုးတက်မှုတို့ကိုလည်း ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါသည်” ဟု (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော်အကြီးအကဲပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
နိုင်ငံရေးအယူအဆကွဲပြားမှုများမှ စတင်ဖြစ်ပေါ်လာသော ပဋိပက္ခအမျိုးမျိုးတို့သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရှည်ကြာဖြစ်နေသည်မှာ စိတ်မကောင်းစရာဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးပြဿနာနှင့် ပဋိပက္ခများကိုဖြေရှင်းရာတွင် ပြည်ပနိုင်ငံအချို့သည် ပြည်တွင်းရေးပြဿနာကို ဒေသတွင်းပြဿနာအခြေအနေအထိ ဖြစ်ပေါ်လာအောင် ပုံဖော်ဖန်တီးနေသည်ကို သတိပြုရမည်ဖြစ်သည်။ တိုင်းပြည်စည်းလုံးညီညွတ်မှုပြိုကွဲပါက တိုင်းပြည်သာ အင်အားချည့်နဲ့ပြီး ကိုလိုနီနယ်ချဲ့ လက်သစ်များ ဝင်ရောက်စွက်ဖက်ပါဝင်လာနိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။ ယင်းကိုသတိမမူဘဲ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ခြင်းမပြုဘဲ ဆက်လက်စိတ်ဝမ်းကွဲပြားပြီး အချင်းချင်းတိုက်ခိုက် ရန်ပြုနေကြမည်ဆိုလျှင် မိမိတို့အချင်းချင်းသာကြေပြုန်းပြီး တိုင်းပြည်ပြိုကွဲပျက်စီးသွားနိုင်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးကို လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲနေစေရန်၊ သူတစ်ပါးလက်အောက်ခံနိုင်ငံမဖြစ်စေရန်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးစေရန်နှင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းသားပြည်သူအားလုံးတို့၏ စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် အချင်းချင်းသံသယများပြေပျောက်၍ စည်းလုံးညီညွတ်မှု တိုးတက်ရရှိအောင် တိုင်းပြည်ပြိုကွဲပျက်စီးအောင် ဖန်တီးနေသည့် ပြည်တွင်း၊ ပြည်ပအခြေအနေအရပ်ရပ်ကို မှန်ကန်စွာရှုမြင်သုံးသပ်ဆင်ခြင်ပြီး အကြမ်းဖက်အဖျက်သမားများကို ဝိုင်းဝန်းတားဆီး ဟန့်တားတိုက်ဖျက်ကြရန် အထူးလိုအပ်ပါသည်။
သို့ဖြစ်ရာ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသော အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတို့ စိတ်တူကိုယ်တူတစ်သားတည်းရှိကြမှသာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲမည်ဖြစ်ရာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအားလုံးအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကို အစိုးရ၊ တပ်မတော်နှင့်အတူ လက်တွဲ၍ ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။