Skip to main content

သယံဇာတခိုးထုတ်မှုများ တိုက်ဖျက်ရာတွင် ပြည်သူများ တစ်တပ်တစ်အား ပူးပေါင်းပါဝင်

ပြည်တွင်းဒေသအနှံ့အပြား၌ အကြမ်းဖက်တိုက်ခိုက်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် မတည်မငြိမ်မှုများဖြစ်ပေါ်နေခြင်းကို အခွင့်ကောင်းယူ၍ နိုင်ငံပိုင်သယံဇာတများကို ဥပဒေမဲ့ခိုးထုတ်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။ ခိုးထုတ်မှုများ၌ ကာယကံမြောက်ပါဝင်ကြသူများမှာ ဝိသမလောဘသား စီးပွားရေးသမားများသာမက တော်လှန်ရေးအမည်ခံ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များလည်းပါဝင်နေပြီး ခေါင်းဆောင်ပိုင်းများမှာ သယံဇာတခိုးထုတ်သည့်လုပ်ငန်းဖြင့်ပင် နှစ်အနည်းငယ်အတွင်း လွန်စွာကြီးပွားချမ်းသာလာကြသည်ဟုလည်း သတင်းများပေါ်ထွက်နေသည်။

မိမိတို့နိုင်ငံသည် သဘာဝသယံဇာတပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည့်အလျောက် ဒေသအလိုက် သယံဇာတအမျိုးမျိုးတို့ကို ခိုးယူနေကြခြင်းဖြစ်ရာ အချို့ဒေသတွင် သစ်တောများမှ သစ်များထုတ်ယူခြင်း၊ တောတောင်မြစ်ချောင်းများမှ တရားမဝင်ရွှေတူးဖော်ခြင်း၊ ကျောက်စိမ်းနှင့် ကျောက်မျက်များ တရားမဝင်တူးဖော်ခြင်း၊ မြေရှားနှင့် အခြားဓာတ်သတ္တုများ တူးဖော်ခြင်းတို့ကို မှောင်ခိုစီးပွားရေးသမားများနှင့် အကြမ်းဖက်လက်နက်ကိုင်များ၊ ဝေစားမျှစား စီးပွားဖက်များအဖြစ် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ တရားမဝင် သယံဇာတခိုးထုတ်သည့် လုပ်ငန်းများမှာ စက်ယန္တရားများအသုံးပြု၍ ခိုးလမ်းများဖောက်ခြင်း၊ ရွှေ၊ ကျောက်စိမ်း၊ ကျောက်မျက်နှင့် သယံဇာတများတူးဖော်ခြင်း၊ မော်တော်ယာဉ်ကြီးများဖြင့် သယ်ယူခြင်းစသည်ဖြင့် လုပ်ငန်းပမာဏများမှာ ကြီးမားလှသလို အလုပ်သမားများစွာတို့ကို အသုံးပြုလုပ်ကိုင်ကြရသည်။

နိုင်ငံပိုင်သယံဇာတများဆိုသည်မှာ မိမိတို့နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အရင်းအနှီးများပင်ဖြစ်သည်။ နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်သည် နိုင်ငံတော်သာလျှင်ဖြစ်ပြီး သယံဇာတထုတ်ယူခြင်းလုပ်ငန်းသည် သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ကြရခြင်းဖြစ်သည်။ လက်ရှိသယံဇာတများကို ဥပဒေမဲ့ခိုးထုတ်နေကြခြင်းက ဝိသမလောဘသမားများနှင့် အကြမ်းဖက်သောင်းကျန်းသူ ခေါင်းဆောင်ပိုင်းတို့ မတော်မတရားကြီးပွားချမ်းသာရေးနှင့် နိုင်ငံအနှံ့ အကြမ်းဖက်တိုက်ခိုက်မှုများကို သက်ဆိုးရှည်ရေးအတွက်သာဖြစ်ပြီး အဆိုပါလုပ်ငန်းများတွင် ဒေသခံဆင်းရဲနွမ်းပါးသည့် ပြည်သူများ အကြောင်းအမျိုးမျိုးဖြင့် ပါဝင်ပတ်သက်လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။

နိုင်ငံ၏သယံဇာတများ ဥပဒေမဲ့၊ တရားမဲ့ခိုးယူခံနေရခြင်းကို နိုင်ငံတော်အနေဖြင့် ကာကွယ်တားဆီးရမည်ဖြစ်သကဲ့သို့ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများ၏ ဝင်ငွေလမ်းကြောင်းဖြစ်နေခြင်းကိုလည်း မဖြစ်မနေဖယ်ရှားရှင်းလင်းရမည်ဖြစ်ရာ ဒေသခံပြည်သူများမှာ အဆိုပါခိုးထုတ်မှုလုပ်ငန်းများတွင် ပါဝင်ခြင်းမပြုကြရန်နှင့် အထူးသတိပြုရှောင်ရှားကြရန်လိုသည်။ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများနှင့် ၎င်းတို့အား ထောက်ပံ့ကူညီသည့်အလုပ်များတွင် ပါဝင်လုပ်ကိုင်ခြင်းတို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုမြောက်သည်ကို သိနားလည်ကြရမည်လည်းဖြစ်သည်။

သစ်၊ ရွှေ၊ ကျောက်မျက်ကျောက်စိမ်းတို့အပါအဝင် နိုင်ငံ၏ သယံဇာတအမျိုးအမည်အများအပြားတို့ကို တရားမဝင်ခိုးယူသည့်လုပ်ငန်းများမှာ ပြီးခဲ့သည့် အစိုးရအဆက်ဆက်တို့မှာကတည်းကပင် ဒေသအလိုက်ရှိနေခဲ့ပြီး သဘာဝပတ်ဝန်းကျင်များ ပျက်စီးပြုန်းတီးမှုကို အကြီးအကျယ်ဖြစ်ပေါ်စေခဲ့သည်။ ရေ၊ မြေအနေအထားများ ပျက်စီးရသည့်အပြင် အဆိပ်သင့်မှု၊ ညစ်ညမ်းမှုများဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံပြည်သူများ၏ ဆန့်ကျင်ကန့်ကွက်မှုများစွာရှိခဲ့သော်လည်း ထိထိရောက်ရောက်ကာကွယ် ထိန်းသိမ်းနိုင်ခြင်း၊ အရေးယူအပြစ်ပေးနိုင်ခြင်းတို့ အားနည်းခဲ့ပြီး သယံဇာတခိုးထုတ်မှုများ ဆက်လက်ကြီးထွားလာခဲ့ရာ လက်ရှိကာလတွင်မူ အကြမ်းဖက်လက်နက်ကိုင်ပဋိပက္ခများနှင့် အတူယှဉ်တွဲနေခဲ့ပြီဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ၏သဘာဝပတ်ဝန်းကျင်များ ထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံပိုင်သယံဇာတများ တရားမဝင်ခိုးထုတ်မှုများပပျောက်ရေး၊ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ သက်ဆိုးမရှည်စေရေးတို့အတွက် တိုက်ဖျက်ချေမှုန်းရာတွင် ပြည်သူများက အဘက်ဘက်မှ ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။