Skip to main content

အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုနှင့် တည်ဆောက်ထားသည့်မိတ်ဆွေနိုင်ငံ

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကြီး မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကြီး မစ္စတာပူတင်တို့ မတ်လ ၄ ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို ရှင်းလင်းပြောကြားခဲ့သည်။

ရုရှားသမ္မတ မစ္စတာပူတင်က “အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်များကို အတူတူပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အဆွေတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများစွာကို ဆောင်ရွက်နိုင်ခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးပွဲများ၊ ဆွေးနွေးမှုများ အောင်မြင်မှုရရှိခဲ့ပါတယ်။ ရရှိထားတဲ့ရလဒ်တွေကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်အသီးသီးမှာ ဆတက်ထမ်းပိုးဖွံ့ဖြိုးတိုးတက်လာမယ်လို့ ကျွန်တော်ခိုင်ခိုင်မာမာယုံကြည်ပါတယ် ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူလူထုကနေပြီးတော့မှ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့ ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ကိစ္စရပ်မှန်သမျှကို မြန်မာနိုင်ငံက အပြည့်အဝရပ်တည်ပါကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးရပ်တည်ချက်များ ပြည့်မီဖို့ဆောင်ရွက်တဲ့အချိန်မှာ ရုရှားနိုင်ငံက ဒေသတွင်းရဲ့ နိုင်ငံတကာစာမျက်နှာတွေမှာ မြန်မာနိုင်ငံအပေါ် စဉ်ဆက်မပြတ် ထောက်ခံပေးမှုတွေကိုလည်း ကျေးဇူးတင်ရှိပါကြောင်း အလေးအနက်ပြောကြားလိုပါတယ်။ နောင်အနာဂတ်မှာလည်း ကျွန်တော်တို့နှစ်နိုင်ငံကြားက အပြည်ပြည်ဆိုင်ရာမျက်နှာစာမှာ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံစီးပွားရေးအတွက် အထူးလိုအပ်သည့် လျှပ်စစ်ဓာတ်အား ပေါပေါများများ ထုတ်လုပ်ပေးနိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များ တိုးတက်ရေး၊ မြန်မာနိုင်ငံတွင် အသေးစားအဏုမြူဓာတ်အားပေး စက်ရုံတည်ဆောက်ရေးအတွက် သဘောတူညီမှုရရှိခဲ့သည်။ အကျိုးရလဒ်အနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးနှင့်ပတ်သက်၍ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပညာရပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရရှိမည်ဖြစ်သည်။ စက်မှုနှင့် အဆင့်မြင့်နည်းပညာနယ်ပယ်တွင် ပူးတွဲစီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိပြီး ရုရှားနိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံတွင် ဂြိုဟ်တုမှရရှိထားသည့်အချက်အလက်များ လေ့လာရေးစင်တာကို ဖွဲ့စည်းထားသည်။ ရုရှားနိုင်ငံ၏ အောင်မြင်နေသော အာကာသနယ်ပယ်နှင့်ပတ်သက်၍ ဗဟုသုတများစွာ ရရှိနိုင်သည်။

ယဉ်ကျေးမှုနှင့် လူသားချင်းစာနာမှုနယ်ပယ်တွင် မြန်မာနိုင်ငံ၌ ရုရှားယဉ်ကျေးမှုဗဟိုဌာနကို ဖွင့်လှစ်ရန်ရှိပြီး ရန်ကုန်မြို့တွင် ပထမဆုံး အော်သိုဒေါ့ခရစ်ယာန်ရုရှားဘုရားရှိခိုးကျောင်းတည်ဆောက်ရန် အစီအစဉ်ရှိသည်။ ရုရှားနိုင်ငံတွင် မြန်မာနိုင်ငံယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာဗဟိုဌာနနှစ်ခု တည်ဆောက်ထားပြီးဖြစ်သည်။ မကြာသေးမီကာလက ရုရှား-မြန်မာ ကုန်သွယ်ရေးကော်မရှင်အစည်းအဝေးကို နေပြည်တော်တွင်ကျင်းပခဲ့ပြီး နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကော်မရှင်ကို ဖွဲ့စည်းထားကာ ကော်မရှင်အနေဖြင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထူးခြားမှုအနေဖြင့် လာမည့် မေလ ၉ ရက်နေ့ တွင် ကျရောက်မည့် (၈၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မော်စကိုမြို့တော်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုတပ်ဖွဲ့ ရင်ပြင်နီချီတက်ပွဲတွင် ပါဝင်ချီတက်ရန်နှင့် မြန်မာနိုင်ငံအကြီးအကဲကို အခမ်းအနားသို့တက်ရောက်ရန် ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံသူ နိုင်ငံသားများ ရုရှားဘာသာစကားသင်ယူရန်အတွက် မြန်မာနိုင်ငံရှိ ထင်ရှားသော ရန်ကုန်နှင့် မန္တလေးရှိ နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် စစ်တက္ကသိုလ်တို့တွင် သင်ကြားပေးလျက်ရှိသည်။ ရုရှားနိုင်ငံတက္ကသိုလ်တွင် မြန်မာနိုင်ငံမှ သင်တန်းသား သင်တန်းသူ ၃၀၀ ခန့် တက်ရောက်သင်ကြားလျက်ရှိသည်။ ရုရှားနိုင်ငံ တက္ကသိုလ်အသီးသီးမှ ပညာရပ်များ သင်ယူတတ်မြောက်ခဲ့သည့် မြန်မာနိုင်ငံမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း တစ်သောင်းခန့်ရှိပြီဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ၏ ယခုခရီးစဉ်အတွင်း စိန့်ပီတာစဘတ်မြို့နှင့် နိုဗာစီဘစ်ရ်စ်ခ်မြို့တို့တွင် မြန်မာကောင်စစ်ဝန်ရုံးများကိုလည်း တရားဝင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ၁၉၄၈ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၇၇ နှစ်ကျော်ကြာခဲ့ပြီဖြစ်ရာ နှစ်ပေါင်းရှည်ကြာလာသည်နှင့်အမျှ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသည် ပိုမိုနက်ရှိုင်းလာသလို နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ လျှပ်စစ်စွမ်းအား၊ စက်မှုနှင့် စွမ်းအင်ကဏ္ဍတို့အပါအဝင် အကျိုးတူ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကိုလည်း မကြာမီကာလအတွင်း ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။