Skip to main content

အကြမ်းဖက်သမားများက မုံရွာမြို့ဘက်သို့ ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံးတစ်လုံးအား သိမ်းဆည်းရမိ

နေပြည်တော် ဧပြီ ၁၆

PDF အမည်ခံအကြမ်းဖက်သမားများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာဆင်နွှဲနေသည်ကို မနာလိုမရှုဆိတ်ဖြစ်ခြင်းနှင့် ပြည်သူများ တည်ငြိမ်အေးချမ်းမှု ပျက်ပြား၍ အထိတ်တလန့်ဖြစ်စေ ရန်ရည်ရွယ်၍ လူနေ မြို့၊ ရွာ၊ ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးပစ်ခတ်ရန် တပ်ဆင်ထားမှုများကို လုပ်ဆောင်လျက်ရှိသည်။

ထို့သို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာတောင်ရပ်ကွက် ချင်းတွင်းမြစ်ဇက်ဆိပ်အနီး ရှော့တိုက်ဒုံးတစ်လုံးတွေ့ရှိကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်တွင် သွားရောက်ရှင်းလင်းရာ အဆိုပါဇက်ဆိပ်အနီး၌ မုံရွာမြို့ဘက်သို့ ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးတစ်လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

PDF အမည်ခံ အကြမ်းဖက်သမားများသည် မြန်မာ့ရိုးရာနှစ်သစ်အတာသင်္ကြန်ပွဲတော်အား ပြည်သူများ အေးချမ်းစွာ ဆင်နွှဲနေမှုကို ယခုကဲ့သို့ အကြောင်းမဲ့ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန်ဆောင်ရွက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်ကို လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရှိသည်။

သတင်းစဉ်