လောကအရေးတွင်ဖြစ်စေ၊ ဓမ္မအရေးတွင်ဖြစ်စေ “ကလျာဏမိတ္တ” ဟုဆိုသည့် မိတ်ကောင်းဆွေကောင်းရှိမှုအပေါ် မြတ်စွာဘုရားရှင်က အလေးအနက်ချီးမွမ်းတော်မူသည်။ အခါတစ်ပါးတွင် အရှင်အာနန္ဒာက ဗုဒ္ဓမြတ်စွာဘုရားအား “အရှင်ဘုရား၊ မိတ်ကောင်းဆွေကောင်းရှိခြင်းသည် မြတ်သောအကျင့်ကို ကျင့်ရာတွင် ခရီးတစ်ဝက်ကိုပြီးမြောက်စေပါသည်။” ဟုလျှောက်ထားသည်။ ထိုအခါ ဗုဒ္ဓမြတ်စွာဘုရားက “အာနန္ဒာ၊ ဤသို့မဆိုလင့်၊ မိတ်ကောင်းဆွေကောင်းရှိခြင်းသည် မြတ်သောအကျင့်ကို ကျင့်ရာတွင် ခရီးတစ်ဝက်မျှသာမဟုတ်၊ ခရီးဆုံးအထိပြီးမြောက်စေခြင်း ဖြစ်သည်။” ဟူ၍ ပြင်ဆင်ဖြည့်စွက် မိန့်ကြားတော်မူခဲ့သည်။
လူတစ်ဦးချင်း၏ မျက်မှောက်ဘဝတွင်ဖြစ်စေ၊ နောင်သံသရာတွင်ဖြစ်စေ ကောင်းကျိုးရလဒ်တို့ ဖြစ်ထွန်းစေရန်မှာ ကလျာဏမိတ္တဟူသည့် မိတ်ကောင်းဆွေကောင်းတို့ မရှိမဖြစ်အရေးကြီးသကဲ့သို့ပင် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင်လည်း မိတ်ကောင်းဆွေကောင်းနိုင်ငံတို့နှင့် ပေါင်းသင်းဆက်ဆံမိနိုင်ရန်လည်း လွန်စွာအရေးကြီးလှသည်။ အခက်အခဲ၊ အကျပ်အတည်းများနှင့် ရင်ဆိုင်ရချိန်တွင် အကူအညီပေးသူ၊ ဘေးဆီးရန်ကာ လိုအပ်လာသည့်အချိန်တွင် မိမိဘက်မှရပ်တည်ပေးသူ၊ အကျိုးတူစီးပွားဖက် ညီညွတ်မျှတစွာ အတူတကွလုပ်ကိုင်ဆောင်ရွက် သူတို့မှာ လူတစ်ဦးချင်းစီတွင် လိုအပ်သကဲ့သို့ နိုင်ငံအချင်းချင်းဆက်ဆံရေးတွင်လည်း မရှိမဖြစ်လိုအပ်သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၄ ရက်နေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးပြီးနောက် ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့သည် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။ ဤတွေ့ဆုံဆွေးနွေးပွဲများသည် ရုရှားနှင့်မြန်မာ မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းနှစ်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုကို များစွာပေါ်လွင်ထင်ဟပ်စေပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် အကျိုးဖြစ်ထွန်းမှုတို့အတွက်လည်း အရှိန်အဟုန်ကို မြှင့်တင်ပေးခဲ့သည်။
နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ရာတွင် နှစ်နိုင်ငံအကြား ပညာရေးအရည်အချင်းသတ်မှတ်ချက်နှင့် ပညာရပ်ဆိုင်ရာဘွဲ့၊ ဒီဂရီများ အပြန်အလှန်အသိအမှတ်ပြုရေးဆိုင်ရာ သဘောတူစာချုပ်၊ အကောက်ခွန်ကိစ္စရပ်များဆိုင်ရာ သဘောတူညီချက်များ၊ ကျန်းမာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ ယဉ်ကျေးမှုနှင့် အားကစားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်း စာချွန်လွှာများ၊ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရာတွင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းဥပဒေနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာ စီးပွားရေးနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာများ၊ ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် ပြင်ပအာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာနှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်စာချုပ် (မူကြမ်း) အပေါ် ဆွေးနွေးညှိနှိုင်းမှုအောင်မြင်စွာပြီးမြောက်ခြင်းနှင့် စပ်လျဉ်း၍ ပူးတွဲကြေညာချက်တို့ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ရာ မိမိတို့နိုင်ငံအတွက် လွန်စွာအကျိုး ဖြစ်ထွန်းစေနိုင်မည့် ကဏ္ဍများဖြစ်သည်ကို တွေ့ရှိနိုင်သည်။
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှား-အာဆီယံ စီးပွားရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံခြင်းတို့ဆောင်ရွက်ခဲ့ပြီး မြန်မာ-ရုရှား စီးပွားရေးဖိုရမ်တွင်လည်း ဖြည့်စွက်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ သတင်းစကားတို့ပါးခဲ့သည်။
မိတ်ကောင်းဆွေကောင်း အဖော်မွန်နှင့် ခရီးသွားရသည့်အခါ ခရီးတွင်ခရီးပေါက်သကဲ့သို့ အကျိုးစီးပွားတို့လည်းပြည့်စုံစွာပြီးမြောက်ရသည်။ နိုင်ငံတော်အကြီးအကဲ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်သည် သမိုင်းဝင်ခရီးစဉ်တစ်ရပ်ဖြစ်သကဲ့သို့ မိတ်ဆွေရင်းနှစ်နိုင်ငံအကြား အကျိုးစီးပွားတို့ မြင့်မားစွာဖော်ဆောင်နိုင်ခဲ့သည့် ခရီးစဉ်ဖြစ်ပါကြောင်း။ ။