Skip to main content

ယုံကြည်စိတ်ချရသောမိတ်ဆွေနိုင်ငံနှင့် အခွင့်အလမ်းများတိုးမြှင့်ဖော်ဆောင်

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် Myanmar Airways International (MAI)၊ Roscongress Foundation၊ Fund RC-Investments၊ Russia-ASEAN Business Councilနှင့် Russia - Myanmar Business Council တို့ပူးပေါင်းကျင်းပသည့် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကို မတ်လ ၅ ရက်နေ့က မော်စကိုမြို့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ယခု ရုရှား-မြန်မာ စီးပွားရေးဖိုရမ်မကျင်းပမီ မြန်မာနိုင်ငံ၌ ပဉ္စမအကြိမ်မြောက် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစိုးရအချင်းချင်းကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၏ သီးသန့်အစည်းအဝေး၊ မျက်နှာစုံညီအစည်းအဝေး၊ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းနှင့် စီးပွားရေးဖိုရမ်ကို အောင်မြင်စွာလက်ခံကျင်းပနိုင်ခဲ့သည်။ အဆိုပါကော်မရှင်အစည်းအဝေးမှတစ်ဆင့် ဆွေးနွေးမှုရလဒ်များအဖြစ် ဥပဒေမူဘောင်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ်လုပ်ငန်းနှင့်ငွေကြေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ သိပ္ပံနှင့်ကျန်းမာရေးစောင့်ရှောက်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်အကောင်အထည်ဖော်နိုင်ခဲ့သည်။

မြန်မာနိုင်ငံဘက်မှ ခိုင်မာအားကောင်းသည့် ဥပဒေမူဘောင်များ ချမှတ်နိုင်ခဲ့ခြင်းနှင့်အတူ ယခုကျင်းပပြုလုပ်သော ရုရှား-မြန်မာ စီးပွားရေးဖိုရမ်တွင်လည်း ရလဒ်တစ်ခုအနေဖြင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၏ ကြိုးပမ်းအားထုတ်မှုနှင့် ညှိနှိုင်းဆွေးနွေးမှုတို့အရ အောင်မြင်မှုများ ရရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုကို ပြည်တွင်းနှင့်ချိတ်ဆက်နိုင်ရန် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးစင်္ကြံလမ်းများတစ်လျှောက် လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများစွာနှင့်အတူ ရုရှားနိုင်ငံကို မြန်မာနိုင်ငံက ဖိတ်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် မြန်မာ-ရုရှား စီးပွားရေးဖိုရမ်တွင် မဟာဗျူဟာကျသော ပင်လယ်ထွက်ပေါက်ဖြစ်သည့် ထားဝယ်အထူးစီးပွားရေးဇုန်ကို အဆင့်မြှင့်တင်ထူထောင်နိုင်ရန် ရုရှားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုကို ခြေလှမ်းသစ်အဖြစ် စတင်နိုင်ခဲ့သည်။ ယခုကျင်းပပြုလုပ်သည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့်အခမ်းအနားတွင် နှစ်နိုင်ငံအကြားအစိုးရအချင်းချင်းသာမက နှစ်နိုင်ငံပုဂ္ဂလိကကဏ္ဍအချင်းချင်းအကြား ဆက်သွယ်မှုကွန်ရက်ကို ပိုမိုတိုးချဲ့နိုင်မည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများ ရရှိခဲ့သည်ကို တွေ့မြင်ရပါသည်။

တည်နေရာနှင့်အနေအထားအရ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အနည်းငယ်ဝေးကွာသည့် နေရာတွင်တည်ရှိသော်လည်း ယခုအခမ်းအနားမှတစ်ဆင့် စီးပွားရေးဆိုင်ရာ နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၌ ကနဦးအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်သည့်အတွက် ဝမ်းမြောက်မိသည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် စိုက်ပျိုးမွေးမြူရေးအခြေပြုအဆင့်မြင့်နည်းပညာ လွှဲပြောင်းမှုအပိုင်းနှင့် ပတ်သက်၍ အလေးထားပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးနိုင်ခဲ့သည်။

ထို့ပြင် စက်မှုကဏ္ဍနှင့်စွမ်းအင်ကဏ္ဍတို့တွင်လည်း နည်းပညာအသစ်များဖြင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ အခြေခံအဆောက်အအုံကဏ္ဍတွင် မြန်မာနိုင်ငံ၏ လိုအပ်ချက်နှင့်အညီ တောင်တန်းကုန်းမြင့်များနှင့် ရှည်လျားလှသည့် ကမ်းရိုးတန်းတစ်လျှောက်တွင် ဂေဟစနစ်ကိုထိခိုက်မှုမရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ အထူးသဖြင့် နေစွမ်းအင်၊ လေစွမ်းအင်၊ ရေအားလျှပ်စစ်တို့ကို ထုတ်ယူနိုင်မည့် စီမံကိန်းများကို မကြာမီကာလအတွင်း ရုရှားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန် ကမ်းလှမ်းထားသည်။ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတစ်ရပ်အနေဖြင့် ငွေပေးချေမှု ဆိုင်ရာနည်းလမ်းများကို အစပြုချိတ်ဆက်ထားနိုင်ပြီဖြစ်သဖြင့် ကုန်သွယ်မှုကို ယခင်ကထက် လွယ်ကူချောမွေ့စွာ မြှင့်တင်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် မိတ်ကောင်းဆွေကောင်းနိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် အထူးစိတ်ဝင်စားသည့် စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ စသည့်ကဏ္ဍပေါင်းစုံတွင် အစိုးရအချင်းချင်းချိတ်ဆက်ဆောင်ရွက်ခြင်းအားဖြင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကြားတွင် လုပ်သာကိုင်သာရှိသည့် အခွင့်အလမ်းများ တိုးမြှင့်ဖော်ဆောင်ပေးသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။