နေပြည်တော် မတ် ၇
ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Yuri Shuleiko အား မတ် ၆ ရက် ဒေသစံတော်ချိန်ညနေပိုင်းတွင် မင့်စ်မြို့ President ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရင်းရင်းနှီးနှီးဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ နို့ထွက်ပစ္စည်းထုတ်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးနှင့် နည်းပညာများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားကဏ္ဍတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်