Skip to main content

မြန်မာ့ဆန်အရည်အသွေး ကောင်းမွန်ရန်နှင့် အရေအတွက် ပိုမိုထုတ်လုပ်နိုင်ရန်ကြိုးပမ်း

မြန်မာနိုင်ငံသည် ၁၉၃၀ ပြည့်နှစ်ဝန်းကျင်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ခဲ့ကာ ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ ယင်းနောက် ပြည်ပတင်ပို့နိုင်မှု ကျဆင်းလာခဲ့ရာ နှစ်ပေါင်း ၈၀ ကျော်ခန့်ကြာပြီးမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၃ ဒသမ ၆ သန်းကို ပြည်ပနိုင်ငံများသို့ ပြန်လည်တင်ပို့နိုင်ခဲ့သည်။ ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနိုင်ငံများတွင် အာရှမှ အိန္ဒိယ၊ ပါကစ္စတန်၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်လည်း ပါဝင်နေသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးစပါးဧက ၁၅ သန်းခန့်နှင့် နွေစပါးဧက ၂ သန်းခန့် စုစုပေါင်း စပါးစိုက်ဧက ၁၇ သန်းဝန်းကျင် စိုက်ပျိုးထုတ်လုပ်နေခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်အကြိုက် စပါးမျိုး ၅၀ ခန့်နှင့် ပြည်ပဈေးကွက်အကြိုက် စပါးမျိုး ၂၀ ကျော်ခန့်ရှိသည်ဟုသိရသည်။ နှစ်စဉ် စိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်းစားသုံးပြီး ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြည်ပသို့ တင်ပို့နေခြင်းဖြစ်သည်ဟု ဆိုသည်။ ပြည်တွင်းစားသုံးမှုတွင် နိုင်ငံသားတစ်ဦး တစ်နှစ်လျှင် ဆန်စားသုံးမှု ပျမ်းမျှအားဖြင့် ၁၅၅ ကီလိုဂရမ် (၉၇ပြည်ခန့်) စားသုံးနေခြင်းဖြစ်ပြီး လက်ရှိ စိုက်ပျိုးထုတ်လုပ်မှုအားဖြင့် ဖူလုံပိုလျှံမှုရှိသည်။ လက်ရှိစပါး စိုက်ပျိုးဧကအတိုင်း သီးထပ်အပြည့်အဝစိုက်ပျိုးနိုင်မည်ဆိုပါက ပြည်ပသို့ ပိုမိုတင်ပို့သွားနိုင်မည်ဖြစ်သည်။ ထို့အပြင် တစ်ဧကအထွက်နှုန်းတိုးတက်အောင် ထုတ်လုပ်နိုင်ခြင်းအားဖြင့်လည်း ပြည်ပသို့ ပိုမိုတင်ပို့သွားနိုင်မည်ဖြစ်သည်။

ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် ပြည်တွင်းနှင့် ပြည်ပဈေးကွက်များအတွက် စားသုံးမှုအရည်အသွေးကောင်းမွန်သော ဆန်များထုတ်လုပ်နိုင်ရန် မျိုးသန့်စိုက်ပျိုးသည့် ဓလေ့မှသည် မျိုးစေ့ထုတ်ကုမ္ပဏီများမှ ထုတ်လုပ်သော အရည်အသွေးကောင်းသည့် မျိုးစေ့များ ဝယ်ယူသုံးစွဲ စိုက်ပျိုးနိုင်ရန်လိုသည်။ ဆန်အရည်အသွေးကောင်းမွန်ရေးသည် စပါးစိုက်ပျိုးသည့် မြေအရည်အသွေး ကောင်းမွန်ရန်လိုအပ်ပြီး သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများ အချိုးကျရောစပ်အသုံးပြုခြင်းသည် များစွာအကျိုးသက်ရောက်မှုများရှိကြောင်း လက်တွေ့သုတေသနရလဒ်များ ရှိထားသည်။ စိုက်ပျိုးသည့်အပိုင်းတွင် ဆန်၏အရောင်အသွေး၊ ဆန်သားအရွယ်အစား၊ မျိုးကွဲများ ရောနှောနေခြင်းတို့အပါအဝင် အားနည်းချက်များကို ဂရုပြုဆောင်ရွက်ကြရမည့်အပြင် ကြိတ်ခွဲထုတ်လုပ်မှုတွင်လည်း သန့်ရှင်းပြီးအဆင့်အတန်းမီသည့် ဆန်များရရှိရန်၊ ခေတ်မီထုပ်ပိုးမှုများ ရရှိနိုင်ရန် ခေတ်မီဆန်စက်များလည်း လိုအပ်သည်။ သို့ဖြစ်ရာ အရည်အသွေးကောင်းဆန်များ အရေအတွက်ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ပြည်ပသို့ ပိုမိုတိုးတက်တင်ပို့နိုင်ရေးတွင် စပါးစိုက်ခင်းမှသည် ဈေးကွက်သို့ရောက်ရှိသည်အထိ ကွင်းဆက်တစ်လျှောက် စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူများ အဆင့်မီမီ စားသုံးနိုင်ရေးအတွက် ဆန်များအရည်အသွေးကောင်းမွန်ရန်၊ ဈေးကွက်ရှိပြီး အရည်အသွေးမီသည့် ဆန်များဖြစ်ရန်၊ Eating Quality ကောင်းပြီး ဈေးကွက်ရရှိနိုင်သည့်ဆန်များ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန်၊ မြန်မာ့ဂုဏ်ဆောင် ပေါ်ဆန်းမွှေးဆန်ကို ကမ္ဘာ့ဈေးကွက်ရရှိရေး ကြိုးပမ်းရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆန်စပါးသည် နိုင်ငံသူ နိုင်ငံသားတို့၏ အဓိကစားသုံးသီးနှံ ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးအတွက်လည်း လျင်မြန်စွာအကျိုး ဖြစ်ထွန်းနိုင်သည့် သီးနှံဖြစ်သည့်အလျောက် အရေအတွက်ကောင်းမွန်ရေး ပိုမိုစိုက်ပျိုးထုတ်လုပ်ရန်နှင့် အရည်အသွေးကောင်းမွန်ရေးအတွက်လည်း လိုအပ်ချက်များနှင့်အညီ ကြိုးပမ်းစိုက်ပျိုးကြရပါမည့်အကြောင်း။ ။