ပဲခူး အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအား Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်နိုင်သည့် နယ်စပ် ဂိတ်များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အလွန်အရေးကြီး ကြောင်း၊ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းတို့ကို အထူးကြပ်မတ်ဆောင်ရွက်မှသာ ကုသရေး အပိုင်းတွင် သက်သာနိုင်မည် ဖြစ်ကြောင်း၊ ရခိုင်ဒေသမှ ဝင်ရောက်လာသူများကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုဒဏ်ကို ယခုအချိန် ခံစား နေရသလို၊ ပဲခူးတိုင်းဒေသကြီးအတွင်းသို့လည်း ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည်ဝင်ရောက် လာသူများကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားများ များပြားလျက် ရှိကြောင်း၊ အထူးသဖြင့် လူနာတင်ယာဉ် များဖြင့် ရန်ကုန်ဒေသမှ လူများအား အခကြေးငွေယူ၍ ပို့ဆောင်မှုများရှိသည်ကိုလည်း ဖမ်းဆီးထားပြီးဖြစ်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် စက်ရုံ/အလုပ်ရုံများ ထပ်မံပိတ်မည်ဖြစ်၍ နယ်စပ်ဂိတ်များမှ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်နိုင်မည်ဖြစ်သဖြင့် အထူးသတိထား ဆောင်ရွက်ရန်နှင့် ရပ်ကွက်/ကျေးရွာများအထိ အခြားဒေသများမှ ဝင်ရောက်လာမှုရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန် ထပ်မံအကြောင်းကြားထားရန်လိုအပ်ကြောင်း၊ ကုန်တင်ယာဉ် များအား Test Kit ဖြင့် စစ်ဆေးရာတွင် အချိန်မီပြီးစီးရေးအတွက် ကျန်းမာရေးဌာနနှင့်အတူ ဌာနဆိုင်ရာများမှ လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နယ်စပ်ဂိတ်အလိုက် စစ်ဆေးနေမှု၊ စက်ရုံ/ အလုပ်ရုံများ ကျန်းမာရေးညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးနေမှု၊ စျေးများ အချိန်ကန့်သတ် ဖွင့်လှစ်နေမှု၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် ထိတွေ့ခဲ့သူများ များပြားလာနိုင်မည်ဖြစ်၍ Facility Quarantine များ ထပ်မံလျာထား ဆောင်ရွက်နေမှု၊ Test Kit လိုအပ်မှုတို့ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင် က ပဲခူးတိုင်းဒေသကြီးအတွက် Test Kit များ ထပ်မံရောက်ရှိမည့် အခြေအနေ၊ မကြာမီ ဆန်/စပါး ထုတ်လုပ်မည့်ရာသီချိန်ဖြစ်၍ စက်ယန္တရားသယ်ဆောင်သူများ၊ ဝယ်ယူ/ ရောင်းချသူ များအား သီးခြားအစီအစဉ်တစ်ရပ်အနေဖြင့် စစ်ဆေးဆောင်ရွက်ပေးမည့် အစီအစဉ်၊ Facility Quarantine များတွင် နေထိုင်သူများအား အထူးသတိထားပြီး ကျန်းမာရေး ညွှန်ကြားချက်များ နှင့်အညီ ထားရှိရန်နှင့် ရန်ကုန်ဒေသနှင့် ရခိုင်ဒေသမှပြန်လာသူများအား သီးခြားခွဲထားရန် တို့အား တင်ပြ ဆွေးနွေးခဲ့ရာ တိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)