ကမ္ဘာပေါ်ရှိနိုင်ငံများအနေဖြင့် အစောပိုင်းရာစုကာလများ၌ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်အခွင့်အလမ်းများနှင့် လွတ်လပ်စွာနေထိုင်လာကြရာမှ အေဒီ ၁၇ ရာစုခန့်က ပေါ်ပေါက်ခဲ့သော ကိုလိုနီနယ်ချဲ့စနစ်ကြောင့် နိုင်ငံအများစုမှာ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ကြရသည်။ အမှန်တကယ်တွင် ကိုလိုနီစနစ် သို့မဟုတ် အင်အားနည်းသည့်နိုင်ငံများကို ကျူးကျော်နယ်ချဲ့သည့်စနစ်သည် ဥရောပတွင် ၁၅၀၀ ပြည့်နှစ်ကတည်းကစတင်ခဲ့ပြီး ၁၇၆၀ ပြည့်နှစ်တွင်ပေါ်ပေါက်သည့် စက်မှုတော်လှန်ရေးအပြီးတွင် ပိုမိုအားကောင်းလာခဲ့သည်။
၁၉ ရာစုတွင် နိုင်ငံငယ်များမှာ ကိုလိုနီလက်အောက်သို့ကျရောက်ကြပြီး ၂၀ ရာစု စစ်အေးကာလတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးနှစ်နိုင်ငံအားပြိုင်ခဲ့ကြသည်။ အင်အားကြီး ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးသောအခါ ပြိုင်ဘက်ကင်းတစ်နိုင်ငံတည်းဖြင့် ဧကဝင်ရိုးကမ္ဘာဖြစ်ပေါ်လာသည်။ အင်အားကြီးနိုင်ငံက အင်အားငယ်သော နိုင်ငံများအပေါ် လွှမ်းမိုးခြယ်လှယ်မှု ဆယ်စုနှစ်သုံးခုကြာခဲ့ပြီးနောက် မကြာသေးမီကာလက အင်အားချိန်ခွင်လျှာမျှသည့် ဗဟုဝင်ရိုးကမ္ဘာသစ် ပေါ်ပေါက်လာခဲ့သည်။ ဗဟုဝင်ရိုးကမ္ဘာသည် အမေရိကန်နှင့် ဥရောပနိုင်ငံများနည်းတူ တရုတ်၊ အိန္ဒိယ၊ ရုရှား ကမ္ဘာ့အထိုင်သစ်ဝင်ရိုးအဖြစ် ၂၀၂၅ ခုနှစ်ဆန်းတွင် ပေါ်ပေါက်လာခဲ့သည်။
ပြီးခဲ့သည့်နှစ်ကာလများက ကမ္ဘာ့အထိုင်သည် တစ်ဖက်စောင်းနင်းအခြေအနေများနှင့် စိတ်မချမ်းမြေ့ဖွယ်ရာများကြုံတွေ့ခဲ့ရသည်။ ယခုအခါ ယခင်ကလို တစ်ဖက်စောင်းနင်းအခြေအနေမျိုးမဟုတ်တော့ဘဲ ဟန်ချက်ညီသည့် အလားအလာ ကောင်းများကို တွေ့မြင်နေရပြီဖြစ်သည်။ ယင်းသို့ ကမ္ဘာ့ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး ပြောင်းလဲဖြစ်ပေါ်လာချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့က “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲ”ကို နေပြည်တော်၌ကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ကောင်းမွန်သောအနာဂတ်ကို ပုံဖော်နိုင်ရန်အတွက် အခွင့်အလမ်းတစ်ခုပင်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲ၏ ထူးခြားချက်မှာ ဗဟုဝင်ရိုးကမ္ဘာသစ် အထိုင်ချရပ်သည့်အချိန်တွင် မြန်မာနိုင်ငံ၌ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ပြည်တွင်း/ပြည်ပမှ ပညာရှင်များနှင့် သုံးသပ်ဆွေးနွေးနိုင်ခဲ့ခြင်း၊ အဆိုပါသုံးသပ်ဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ ပထဝီအနေအထားနှင့် သမိုင်းကြောင်းအမြင်တို့ကို ဆွေးနွေးပေးခဲ့ခြင်းတို့သည် ထူးခြားချက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေ၊ မြေ၊ သဘာဝ၊ သယံဇာတများ ကြွယ်ဝမှု၊ ကမ္ဘာ့အရှေ့နှင့် အနောက်လမ်းကြောင်းပေါ်တွင်တည်ရှိနေမှု၊ ထိုလမ်းကြောင်းပေါ်ရှိ အင်အားကြီးနိုင်ငံကြီး နှစ်နိုင်ငံအကြားတွင် ရပ်တည်နေမှုတို့သည် ထူးခြားချက်များဖြစ်သည်။
ကမ္ဘာကြီးသည် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှ ဒစ်ဂျစ်တယ်လိုက်ဇေးရှင်း ခေတ်သို့ပြောင်းလဲလာသောအခါ လျင်မြန်ကျယ်ပြန့်လာမှုနှင့်အတူ ကမ္ဘာပေါ်တွင် ပြုပြင်ပြောင်းလဲမှု အစီအစဉ်အသစ်အသစ်များ ပေါ်ထွက်လာခဲ့သည်။ ဝင်ရိုးစုံကမ္ဘာတွင် နည်းပညာယှဉ်ပြိုင်မှုသည် အရေးကြီးပြီး ယခင်ကကဲ့သို့ အင်အားကြီး နိုင်ငံကြီး တစ်နိုင်ငံတည်းမှ နည်းပညာမှအစ အစစအရာရာမှီခိုအားထားနေရမှုများကို နိုင်ငံအချင်းချင်း လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လျှော့ချနိုင်ပြီး အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများကို ကျော်လွှားကာ ပိုမိုကောင်းမွန်သော အခွင့်အလမ်းကောင်းများကို ရရှိလာမည်ဟု မျှော်လင့်သည်။
မြန်မာနိုင်ငံအနေဖြင့် ရေမြေသဘာဝ၊ ပထဝီအနေအထားနှင့် ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးအခြေအနေများအရ ထူးခြားသောအခြေအနေများ ရှိထားပြီးဖြစ်ရာ အဆိုပါ အရေးပါသောအခြေအနေများကို အရာရောက်အောင် ထူးခြားစွာဆောင်ရွက်နိုင်မှသာလျှင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံသည် အခွင့်အလမ်းများရှိပါလျက် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်လျက်ရှိသည်။ အဆိုပါစိန်ခေါ် မှုများကို အခွင့်အလမ်းများ၊ အရာရောက် မှုများအဖြစ် ပြောင်းလဲပစ်နိုင်သည်။ ပြောင်းလဲနိုင်ရန် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများကိုချစ်သည့်စိတ် “မြန်မာစိတ်”မွေးပြီး ညီညွတ်သောအင်အားများဖြင့် ဝိုင်းဝန်းတည်ဆောက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာစိတ်သည် ညီညွတ်သည့်စိတ်ဓာတ်ဖြစ်ပြီး အတိတ်သမိုင်းက မြန်မာဟူသည့် စိတ်ဓာတ်ဖြင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည်ခဲ့သည်ကို ဂုဏ်ယူကြရမည်ဖြစ်သည်။ စည်းလုံးညီညွတ်မှသာ တည်ငြိမ်အေးချမ်းမှု၊ သာယာဝပြောမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကိုရရှိနိုင်မည်။ ထို့ကြောင့် ဗဟုဝင်ရိုးကမ္ဘာ့အထိုင်သစ်တွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများကို နိုင်ငံသူ နိုင်ငံသားအားလုံး စည်းလုံးညီညွတ်မှု၊ လက်တွဲပူးပေါင်းမှုတို့ဖြင့် ဖော်ဆောင်ကြရမည် ဖြစ်ပါကြောင်း။ ။