Skip to main content

ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး ရွေးကောက်ပွဲအောင်မြင်ရေးကြိုးပမ်း

“နိုင်ငံရေးနှင့်ပတ်သက်ပါက မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီစနစ်ကို အမှန်တကယ်လျှောက်လှမ်းမည်ဆိုပါက နိုင်ငံရေးအကြောင်းကို သိရှိနားလည်သူများဖြစ်ရန်လိုအပ်ပြီး အသိပညာ၊ အတတ်ပညာပေါကြွယ်ဝရန်လိုအပ်မည်ဖြစ်ကြောင်း၊ ၂၀၂၅ အလွန်တွင် နိုင်ငံရေးနှင့်ပတ်သက်လာပါက မိမိတို့အတွက် အလွန်ကြီးမားသည့်စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် မည်ကဲ့သို့ ထိန်းကျောင်းဆောင်ရွက်သွားရမည်ကို စဉ်းစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း”မတ်လ ၂၅ ရက်နေ့က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ၁၉၄၇ ခုနှစ် တိုင်းပြည်ပြုလွှတ်တော်က အတည်ပြုရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ(၁၉၄၇)ကို ကျင့်သုံးခဲ့သည်။ ယင်းဥပဒေကို ရေးဆွဲချိန်၌ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မှီငြမ်းလေ့လာ၍ ရေးဆွဲခဲ့ပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို ဖြတ်သန်းခဲ့သည်။ ယင်းအချိန်က ဒုတိယကမ္ဘာစစ်လွန်ကာလဖြစ်၍ ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့ အားပြိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စနစ်အုပ်စု၊ လစ်ဘရယ်အုပ်စုနှင့် ဒီမိုကရေစီအုပ်စုဟူ၍ အုပ်စုသုံးစုကွဲသွားခဲ့သည်။ ယင်းနိုင်ငံရေးစနစ်သည် မြန်မာနိုင်ငံသမိုင်းတွင် ကြုံတွေ့ခဲ့ရသည့် သမိုင်းသင်ခန်းစာများဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်၌ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့် နိုင်ငံတော်အာဏာကို အဓမ္မရယူဆောင်ရွက်မှုများကြောင့် တတိယအကြိမ် ပါတီစုံဒီမိုကရေစီစနစ် ခေတ္တရပ်ဆိုင်းသွားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်ယူချိန် နှစ်နှစ်တာကာလအတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန်အတွက် စဉ်းစားဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ အလွန်ကာလဖြစ်ခြင်းနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရန် တည်ငြိမ်အေးချမ်းမှု လိုအပ်နေသည့် အချိန်ဖြစ်ခြင်းကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

ရွေးကောက်ပွဲပြုလုပ်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာရရှိရေးသည် အရေးကြီးသဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးကို ဆောင်ရွက်ခဲ့ပြီး ရာနှုန်းပြည့်ကောက်ယူရရှိသည့် မြို့နယ်များရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူရန်ကျန်ရှိသည့် မြို့နယ်များလည်းရှိနေသေးသည်။ တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများအရ ဆန္ဒမဲပေးမှုနှင့်ပတ်သက်၍ နိုင်ငံတကာရွေးကောက်ပွဲများကို လေ့လာခဲ့သည်။ ရွေးကောက်ပွဲတွင် ငွေကြေးကုန်ကျမှုများသော်လည်း မြန်မာနိုင်ငံနှင့်ကိုက်ညီပြီး မဲမသမာမှုပြုလုပ်ရန် မလွယ်ကူသော အီလက်ထရွန်နစ်မဲပေးသည့်စက်ကို အသုံးပြုသည့်စနစ်ဖြင့် ဆန္ဒမဲပေးရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသမိုင်းတွင် ပါလီမန်ဒီမိုကရေစီခေတ်၌ပြုလုပ်သည့် ရွေးကောက်ပွဲကို ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် တစ်ကြိမ်တည်းနှင့် ကျင်းပပြုလုပ်ခဲ့ခြင်းမရှိပေ။ ရွေးကောက်ပွဲဥပဒေ၌ ရွေးကောက်ပွဲကို ဖြစ်နိုင်သရွေ့ တစ်နေ့တည်းကျင်းပရန်၊ အများပြည်သူရုံးပိတ်ရက်တွင် ကျင်းပရန်၊ ကြိုတင်ကြေညာရန် ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ရက်အကန့်အသတ်ပြုလုပ်ထားခြင်းမရှိဟု ဆိုရမည်ဖြစ်သည်။ အဓိကမှာ ရွေးကောက်ပွဲအထမြောက်သည့် အဆင့်ကို ဦးစားပေးပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လွတ်လပ်၍တရားမျှတပြီး မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်မြောက်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်သည်။ အီလက်ထရွန်နစ်မဲပေးသည့်စနစ်ကို ကျင့်သုံးမည်ဖြစ်၍ အချိန်တိုအတွင်း ဆန္ဒမဲပေးနိုင်ခြင်း၊ မဲရလဒ်များရရှိခြင်း၊ တစ်ရက်နှစ်ရက်အတွင်း မဲစာရင်းများကို အတည်ပြုနိုင်ခြင်း၊ တစ်လအတွင်း ရွေးကောက်ပွဲပြုလုပ်ရသည့်မြို့နယ်များတွင် ရွေးကောက်ပွဲပြီးမြောက်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်သည်။

ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခုနှစ် ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်၊ လာမည့်နှစ် ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ကျင်းပပြုလုပ်ရန် လျာထားကြောင်း သိရသည်။ မည်သို့ပင် အနှောင့်အယှက်များ၊ အခက်အခဲများ၊ စိန်ခေါ်မှုများရှိသည်ဖြစ်စေလာမည့်နှစ် ဇန်နဝါရီလအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အထမြောက်အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ပြည်သူများအားလုံး တစည်းတလုံးတည်းဖြင့် ဝိုင်းဝန်းပူးပေါင်း လက်တွဲကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။