နေပြည်တော် ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် လေဆိပ်ဟောင်းနေရာ၌ အခြေပြု၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်ထွက်ခွာကြမည့် Lt. Col. Jagneet Gill ဦးဆောင်သည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံနှုတ်ဆက်သည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်က ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နှင့် တိုင်းမှူးတို့သည် အိန္ဒိယတပ်မတော် ဆေးကုသရေးအဖွဲ့ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးကြ၍ အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး ဆေးကုသရေးအဖွဲ့များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
တွေ့ဆုံနှုတ်ဆက်
အလားတူ ညနေပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့မှ ပြန်လည်ထွက်ခွာမည့် မန္တလာသီရိအားကစားကွင်းတွင် အခြေပြု၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည့် Major General Sergey Voroutsov ဦးဆောင်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီကယ်ဆယ်ရေးနှင့်ဆေးကုသရေးအဖွဲ့အား သွားရောက်တွေ့ဆုံနှုတ်ဆက်သည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက်ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး ကူညီကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်