ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်
အဆွေတော်
အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ်အခြေခံ၍ နီပေါနှင့် မြန်မာနိုင်ငံတို့သည် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားရှိပါသည်။ ၁၉၆၀ ပြည့်နှစ်တွင် တရားဝင်သံတမန်ဆက်သွယ်မှုကို ထူထောင်ပြီးချိန်မှစတင်၍ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များ၏ ခရီးစဉ်များနှင့် အပြန်အလှန်သွားရောက်လည်ပတ်မှုများသည် မိမိတို့၏ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေခဲ့ပါသည်။ မိမိအနေဖြင့် နီပေါ သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့မှုနှင့် ခရီးစဉ်အတွင်း မိမိတို့အပေါ် နွေးထွေးသည့် ဧည့်ဝတ်ပျူငှာမှုတို့အား ကောင်းမွန်စွာပြန်ပြောင်းသတိရမိပါသည်။
ကမ္ဘာ့ငြိမ်းချမ်းရေး၊ သနားကြင်နာမှုနှင့် ချစ်ခင်ရင်းနှီးမှုတို့၏ ရှေ့ဆောင်လမ်းပြ ဂေါတမဗုဒ္ဓ၏ သင်ကြားပြသမှုတို့ဖြင့် မိမိတို့နှစ်နိုင်ငံပြည်သူများအနေဖြင့် နီးကပ်သည့် လူမှုယဉ်ကျေးမှုဆက်ဆံရေးကို ထိန်းသိမ်းထားရှိလျက်ရှိပြီး မိမိတို့အကြား ပျော်ရွှင်မှုများနှင့် ဝမ်းနည်းဖွယ်များကို မျှဝေရာတွင် အထောက်အကူပြုလျက်ရှိပါသည်။
မြန်မာနိုင်ငံ၌ ၂၈-၃-၂၀၂၅ ရက်တွင် ပြင်းအား ၇.၇ မဂ္ဂနီကျုရှိ ပျက်စီးဆုံးရှုံးမှုများပြားသည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်အိုးအိမ်ဆုံးရှုံး၍ ပစ္စည်းဥစ္စာများ ပျက်စီးမှုများအတွက် များစွာ စိတ်မကောင်းဖြစ်ရပါသည်။ ဘေးအန္တရာယ်ကြောင့် ထိတ်လန့်တုန်လှုပ်ဖွယ်ဓာတ်ပုံများကို သတင်းမီဒီယာများနှင့် လူမှုဆက်သွယ်ရေးကွန်ရက်များမှတစ်ဆင့် တွေ့မြင်ရသည့်အတွက် မိမိအနေဖြင့် ကြေကွဲဝမ်းနည်းရပါသည်။
အဆိုပါသဘာ၀ဘေးအန္တရာယ်ကြောင့် ဝမ်းနည်းပူဆွေးရသည့်အချိန်တွင် အဆွေတော်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှတစ်ဆင့် မြန်မာအစိုးရနှင့် ပြည်သူများထံသို့ မိမိအနေဖြင့် များစွာဝမ်းနည်းကြောင်း ပြောကြားလိုပါသည်။ ငလျင်ကြောင့် တန်ဖိုးရှိသည့် အသက်အိုးအိမ်များ ဆုံးရှုံးရသူများအတွက် မိမိက ဝမ်းနည်းရပါကြောင်းနှင့် ဒဏ်ရာရရှိသူများ အမြန်ဆုံး သက်သာပျောက်ကင်းပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။
နီပေါနိုင်ငံအနေဖြင့် လွန်ခဲ့သောဆယ်စုနှစ်တစ်ခုဖြစ်သည့် ၂၀၁၅ ခုနှစ်တွင် အလားတူ ငလျင်ဘေးနှင့်တွေ့ကြုံခံစားခဲ့ရပါသည်။ အဆိုပါဘေးအန္တရာယ်ကြောင့် နီပေါပြည်သူ ၁၀၀၀၀ ဦးကျော် အသက်ဆုံးရှုံးခဲ့ပြီး သမိုင်းဝင်နှင့် ယဉ်ကျေးမှုအမွေအနှစ်နေရာများ၊ အစိုးရရုံးဌာနများနှင့် ပြည်သူများ၏ နေအိမ်များအပါအဝင် အဆောက်အအုံ ၅၀၀၀၀၀ ကျော် ပျက်စီးခဲ့ရပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံခံစားနေရသည့်နာကျင်မှုကို မိမိတို့အနေဖြင့် များစွာစာနာထောက်ထားဖြစ်မိပါသည်။
မြန်မာအစိုးရနှင့် ပြည်သူများအနေဖြင့် ကယ်တင်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းအားထုတ်မှုများနှင့် ပျက်စီးသွားသည့် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်မှုများကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။
ကျေးဇူးတင်ပါသည်။
ဘီဒီယာ ဒေဗီ ဘန်ဒါရီ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်