နေပြည်တော် ဧပြီ ၁၀
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌ ယာယီနေရပ်စွန့်ခွာ၍ တွဲဖက်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထောက်ပံ့ငွေပေးအပ်
နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြင်ဦးလွင်မြို့ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနအနီးစခန်း ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ယာယီနေရပ်စွန့်ခွာ၍ ပြင်ဦးလွင်မြို့ရှိ ရုံးဌာနများတွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ရပ်ဆိုင်ခြင်းမရှိဘဲ စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်နေရန်နှင့် တာဝန်ရှိသူများကလည်း လိုအပ်သည်များကို အမြဲမပြတ် စစ်ဆေးဆောင်ရွက်ပေးနေရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အိမ်ရာလိုင်းခန်းတွင် နေထိုင်ရာတွင်လည်း စည်းလုံးညီညွတ်စွာဖြင့် မိသားစုသဖွယ်နေထိုင်သွားကြရန်နှင့် မိမိတို့နေထိုင်ရာ အိမ်ရာအတွင်း/အပြင် သန့်ရှင်းသာယာ လှပရေးဆောင်ရွက်သွားရန်နှင့် မီးဘေးအန္တရာယ်မဖြစ်စေရေး ဂရုပြုနေထိုင်သွားရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
လှည့်လည်ကြည့်ရှု
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အနီးစခန်းပင်မဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်းအတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် Switchyard အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြပ်မတ်ဆောင်ရွက်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Control Building တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ခြံစည်းရိုးအုတ်တံတိုင်းများ တစ်ခန်းနှင့် တစ်ခန်းအကြား ချုပ်ဘင်းများထည့်ရန်၊ တပ်ဆင်ပြီးစီးသည့် ထရန်စဖော်မာများနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ငလျင်ဒဏ်သက်ရောက်မှု ရှိ/မရှိ ပညာရှင်အဖွဲ့နှင့် ထပ်မံစစ်ဆေးရန်၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် ခွဲရုံ၏ လစ်လပ်မြေနေရာများတွင် ရာသီသီးနှံ၊ သီးပင်စားပင် အရိပ်ရလေကာပင်နှင့် နှစ်ရှည်ပင်များ မိုးမကျမီစိုက်ပျိုး နိုင်ရေးစီစဉ်ထားရှိရန်တို့ကို မှာကြားသည်။
ယခုအကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းသည် လက်ရှိတွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၉၇ ဒသမ ၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံးရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်