Skip to main content

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများသည် စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်၍ ဘိလပ်မြေဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်မည်

နေပြည်တော် ဧပြီ ၁၀

ဘိလပ်မြေထုတ်လုပ်သူများအသင်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် ခြံအမှတ် အေ-၅ ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ ဘိလပ်မြေထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဖေဖော်ဝါရီ ၃ ရက်၌ ဘိလပ်မြေထုတ်လုပ်သည့် လုပ်ငန်းရှင်များအား ဖိတ်ကြား၍ ဘိလပ်မြေထုတ်လုပ်သူများအား လိုအပ်သည့် အထောက်အပံ့များပေးနိုင်ရေးအတွက် အသင်းဖွဲ့စည်းနိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း၊ ဘိလပ်မြေထုတ်လုပ်သူများ အသင်းဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့ရာ ခွင့်ပြုသဖြင့် ဘိလပ်မြေထုတ်လုပ်သူများ အသင်းကို ဆက်စပ်ဝန်ကြီးဌာနများ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ဘိလပ်မြေစက်ရုံများမှ ကိုယ်စားလှယ် ၂၂ ဦးဖြင့် ဧပြီ ၈ ရက်တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံကိုးရုံအနေဖြင့် ပြင်းထန်သည့် ငလျင်မလှုပ်ခတ်မီ ဖေဖော်ဝါရီလတွင် တန် ၆၃ သိန်းကျော်ကို ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘိလပ်မြေစက်ရုံလေးရုံနှင့် နေပြည်တော်ကောင်စီနယ်မြေရှိ ဘိလပ်မြေစက်ရုံတစ်ရုံတို့ ထိခိုက်ပျက်စီး၍ ရပ်နားခဲ့ရကြောင်း၊ ထို့ကြောင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘိလပ်မြေစက်ရုံများ၏ ပျက်စီးမှုအခြေအနေ၊ ပြန်လည်ပြင်ဆင်ရေးဆောင်ရွက်မည့် အခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဘိလပ်မြေဖြန့်ဖြူးပေးနိုင်မည့်အခြေအနေများကို ဆွေးနွေးပေးစေလိုကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးလိုသည်များကိုလည်း တင်ပြစေလိုကြောင်း၊ ထိခိုက်ပျက်စီးသွားသည့် ဘိလပ်မြေစက်ရုံများ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ပြည်ပကျွမ်းကျင်ပညာရှင်များ ခေါ်ယူနိုင်ရေး၊ လိုအပ်သည့် စက်ပစ္စည်းများ ပြည်ပမှ မှာယူတင်သွင်းနိုင်ရေးတို့အတွက် ထောက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် အဆောက်အအုံများ ပျက်စီးမှုများပြားခဲ့၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘိလပ်မြေတန်ချိန် အမြောက်အမြားလိုအပ်လျက်ရှိ၍ ဘိလပ်မြေစက်ရုံများ လည်ပတ်ထုတ်လုပ်နိုင်ရေးကို အရေးတကြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘိလပ်မြေထုတ်လုပ်သူများ၏ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်၍ ဘိလပ်မြေဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ၊ သံ/သံမဏိစက်ရုံများ၊ အမိုး/အမိုးပြားစက်ရုံများ၊ အုတ်စက်ရုံများ၊ အထပ်သားစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်မှုပြုထားကြောင်း၊ ထို့ကြောင့် စက်ရုံအလိုက် လိုအပ်ချက်များဖြည့်ဆည်းကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်းတင်ပြပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ၏ အခြေအနေ၊ မြန်မာစီးပွားရေး ဦးပိုင်လီမိတက်၊ ရွှေတောင်ဘိလပ်မြေစက်ရုံ၊ မက်စ်မြန်မာဘိလပ်မြေစက်ရုံ၊ အမှတ် (၃၃) အကြီးစားစက်ရုံ (ကျောက်ဆည်)၊ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံ၊ Crown ဘိလပ်မြေစက်ရုံ၊ ပတ္တမြားနဂါးဘိလပ်မြေစက်ရုံတို့မှ တာဝန်ရှိသူများက စက်ရုံအသီးသီး၌ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှု၊ ပြန်လည်လည်ပတ်နိုင်မည့် အခြေအနေ၊ ကလင်ကာနှင့် ဘိလပ်မြေများ ကျန်ရှိနေမှု၊ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ကို အသီးသီးရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ငလျင်ဒဏ်ကြောင့် ပြည်သူများ၏ နေအိမ်အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဘိလပ်မြေများ လိုအပ်သဖြင့် စက်ရုံပြန်လည် လည်ပတ်နိုင်ရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ကြရန်၊ ဘိလပ်မြေထုတ်လုပ်သူများသည် နည်းပညာရပ်များကို အခြေခံပြီး အသက်မွေးဝမ်းကျောင်းဆောင်ရွက်နေ၍ စက်ရုံအသီးသီးမှ ထုတ်လုပ်သည့်ဘိလပ်မြေများ၏ အရည်အသွေးများကိုလည်း ပြည်သူအများ သိရှိအောင် ဆောင်ရွက်ပေးသွားရန်နှင့် လုပ်ငန်းဆောင်ရွက်သည့် အတွေ့အကြုံများကို မျှဝေပေးသွားရန်၊ ဘိလပ်မြေထုတ်လုပ်သူများအသင်းဖွဲ့စည်းပြီးဖြစ်၍ စက်ရုံအချင်းချင်းလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွားကြရန်၊ အသင်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်