Skip to main content

ယူအေအီးနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ

နေပြည်တော် ဧပြီ ၁၀

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့် ပြည်သူများအတွက် ယူအေအီးနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် Aerostan လေကြောင်း လိုင်းမှ လေယာဉ်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး အဆိုပါလေယာဉ်တွင် မြန်မာနိုင်ငံငလျင်ဘေးဒဏ်သင့်ဒေသများအတွက် လှူဒါန်းသည့် ဆေးဝါးများနှင့် ယာယီတဲများ စုစုပေါင်း ၆၅ ထုပ်၊ ၂၄၈၆၀ kgကို တင်ဆောင်၍ ရောက်ရှိလာသည်။

ဆက်လက်ပြီး ယနေ့မွန်းလွဲပိုင်းတွင် ယူအေအီးနိုင်ငံ UAE Air Force မှ Cargo Flight (ကယ်ဆယ်ရေးပစ္စည်း) တင်ဆောင်လာသည့် လေယာဉ်သည် မြန်မာနိုင်ငံငလျင်ဘေးဒဏ်သင့် ဒေသများအတွက် လှူဒါန်းသည့် အစားအစာများနှင့် ယာယီတဲများ စုစုပေါင်း ၃၆ ထုပ်၊ ၃၃၅၈၂ kg တင်ဆောင်၍ ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို လိုက်လံကြည့်ရှုပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ယူအေအီးနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ကူညီကယ်ဆယ်ရေးအဖွဲ့တို့အား တွေ့ဆုံနှုတ်ဆက်၍ ကူညီမှုများအပေါ် ကျေးဇူးတင်စကားပြောကြားကာ အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ယင်းသို့ ရောက်ရှိလာသည့် ပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချလုပ်သားများက သက်ဆိုင်ရာ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်